မုံရွာမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသော မုံရွာ သံမဏိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၉

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် မုံရွာ သံမဏိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်သွယ်နေသော မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဦး (ခ) ကျော်ကျော်ဦး (၄၇) နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၈ ရက်တွင် ချမ်းမြဝတီရပ်ကွက်၊ "အားသစ်" တည်းခိုခန်း၊ အခန်းအမှတ် (၃၀၁) ၌ အောင်ကျော်ဇင် (၂၇) နှစ်၊ ဝေဖြိုးကျော် (ခ) အသေးလေး (၂၅) နှစ်၊ ဟိန်းထက်ဝင်း (၂၀) နှစ်နှင့်  ဝင်းကို (၁၉) နှစ်တို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။

တရားခံ ဝေဖြိုးကျော်(ခ) အသေးလေး ၏ ထွက်ဆိုချက်အရ မုံရွာမြို့၊ အက်တော ရပ်ကွက်နေ မောင်တိုး (ခ) ရန်အောင်တိုး (၃၂) နှစ် နေအိမ်အား လုံခြုံရေး ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အနောက်ဘက် မြေကြီးအတွင်း ပီနံအိတ်ဖြင့် ထုတ်ထားသော လက်လုပ်ရီမုဒ်မိုင်း ၁၀ လုံး၊ ယမ်းမှုန့်များနှင့်အတူ တရားခံ မောင်တိုး (ခ) ရန်အောင်တိုး ကို ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်များအရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ ကြက်မွေးမြူရေးဇုန်တွင် ရဲထက်ငြိမ်း (၂၉) နှစ်၊ ကောင်းမြတ်ဖေ (၂၇) နှစ်၊ ဇင်မောင် (၂၀) နှစ်တို့ သုံးဦးကို ၄၀ မမ ဗုံးပစ်လောင်ချာ          တစ်လက်၊ ဗုံးသီး ၁၄ လုံး၊ AK 47 သေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊   ၇ ဒသမ ၆၂ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ခြောက်လုံး၊ လက်လုပ်မိုင်း နှစ်လုံး၊ လက်လုပ်သေနတ်အတို ငါးလက်၊ ပြုလုပ်ဆဲလက်လုပ်သေနတ်အတို နှစ်လက်၊ စစ်ချပ်ဝတ် နှစ်စုံ၊ မှန်ပြောင်း တစ်လက်၊ အမိုနီယမ်နိုက်ထရိတ် တစ်ပိဿာခန့်  နှစ်ထုပ်၊ ဒီတိုနေတာ သုံးဘူး၊  ဘတ္ထရီထည့်ဗူး (အသေး)    ၁၂ ဗူး၊ လက်လုပ်သေနတ် ပြုလုပ်ရာတွင် အသုံးပြုသည့် စပရိန် ၁၀ ခု၊  လက်လုပ်သေနတ်ပြုလုပ်သည့် သံပြား ခုနစ်ပြား၊ လက်လုပ် ကျည်ခွံ ၁၅ ခု၊ လက်လုပ်ပစ္စတို ပြုလုပ်ရန် ပြောင်းမျိုးစုံ ၁၆ ခု၊ ယမ်းမှုန့် ၃၀ ကျပ်သား ခန့် တစ်ထုပ်၊ လက်လုပ်သေနတ်ပြောင်း တစ်ခု၊ Acer အမျိုးအစား Laptop တစ်လုံး၊ ဆားကစ်ဘောက်  နှစ်ခု၊ ရီမုဒ် Control သုံးခုတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ကိုးဦး ကို ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ AK 47 သေနတ် တစ်လက်၊ လက်လုပ်သေနတ် ခုနစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၇ ဒသမ ၆၂ ကျည် ၁၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ လက်ပစ်ဗုံး ခြောက်လုံး၊ လက်လုပ်မိုင်း ၁၂ လုံး၊ မှန်ပြောင်း တစ်လက်၊ လက်လုပ်သေနတ် ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံ ဝေဖြိုးကျော်(ခ) အသေးလေး ထွက်ဆိုချက်အရ ၎င်းသည် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းသော်တာ ၏ ချိတ်ဆက်ပေးမှုဖြင့် ဧပြီ ၇ ရက်မှ ၂၃ ရက်အထိ အောင်ကျော်ဇင်၊ ဝင်းကို ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်ကြသော ဖြိုးကိုကို ၊ အောင်မြင့်မြတ် ၊ ရှည်ကြီး ၊ ရန်မျိုး ၊ ရာဇာစိုး ၊ ဒိုင်းမွန်ထွေး ၊ ဖြိုးသူ၊ သီဟကျော် ၊ ငစိုင်း ၊ ပြားကြီး ၊ စုတ်ဖွားတို့နှင့်အတူ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာမှ တစ်ဆင့် KIA တပ်မဟာ (၈) နယ်မြေသို့ သွားရောက်၍ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ သင်တန်း ဆင်းပြီးနောက် ယင်းမာပင်မြို့နယ်၊ ဘူးလှည်းကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းသို့ သွားရောက်၍  ဖမ်းဆီးရန် ကျန်တရားခံ ဇော်မျိုးအောင် (ခ) သံမဏိ ခေါင်းဆောင်၍ မုံရွာ သံမဏိ PDF အကြမ်းဖက်အဖွဲ့တွင် အောင်ကျော်ဇင် နှင့်အတူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ ရဲထက်ငြိမ်း၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၇ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ လှိုင်မျိုးမှ လက်နက်/ခဲယမ်းများအား ၎င်း၏ ကြက်ခြံတွင် လာရောက် သိမ်းဆည်းထားခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ်၊ ဘူးလှည်းကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းသို့ ပို့ဆောင်ရမည့် ပစ္စည်းများဖြစ်ကြောင်း  ဖော်ထုတ်သိရှိရသည်။

မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ အနေဖြင့်-

ဩဂုတ် ၁၆ ရက်တွင် ဝေဖြိုးကျော်(ခ) အသေးလေး နှင့် သက်ဦးမောင်(ခ) ငသက် တို့သည် ဆိုင်ကယ်ဖြင့် ရုံးကြီးရပ်ကွက်၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာသို့ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း။

စက်တင်ဘာ ၁၃ ရက်တွင် ဝေဖြိုးကျော် (ခ) အသေးလေး နှင့် ဟိန်းထက်ဝင်း အပါအဝင် ၈ ဦးတို့သည် မုံရွာမြို့ ချမ်းမြဝတီ ရပ်ကွက် ရေကူးကန်လမ်းအနီးရှိ Mytel တာဝါတိုင်အား လက်လုပ်မိုင်း ၄ လုံးဖြင့် လည်းကောင်း။

စက်တင်ဘာ ၁၅ ရက်နေ့တွင် အောင်ကျော်ဇင် နှင့် ဇော်ထက်အောင် တို့သည် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ Mytel ရုံး၊ ဆက်သွယ်ရေးရုံးရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း။

စက်တင်ဘာ ၁၆ ရက်တွင် အောင်ကျော်ဇင်၊ ဇော်ထက်အောင် နှင့် အောင်မြင့်မြတ် တို့သည် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ မြန်မာဘီယာရုံးရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း။

နိုဝင်ဘာလ ၁၃ ရက်တွင် ဝေဖြိုးကျော်(ခ) အသေးလေး သည် အောင်ကျော်ဇင်၊ ဟိန်းထက်ဝင်း တို့နှင့်အတူ မုံရွာ - ကျောက်ကာလမ်း တိုင်းရင်းဆေးရုံအနီးရှိ ‘‘ခရေဆောင်’’ အတွင်းသို့ လက်လုပ်မိုင်း ၂ လုံးဖြင့် လည်းကောင်း ဖောက်ခွဲခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။

မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ် ကျူးလွန်မှုများအနေဖြင့် -

စက်တင်ဘာ ၂၂ ရက်တွင် တရားခံ ဇော်ထက်အောင် နှင့် ငပုတ် တို့သည် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ထန်းတောမီးပွိုင့်တွင် တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိန်းရဲအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။

စက်တင်ဘာ ၂၃ ရက်တွင် တရားခံ ဇော်ထက်အောင် နှင့် ငပုတ် တို့သည် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ Mytel ရုံးရှေ့ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။

အောက်တိုဘာ ၂၀ ရက်တွင် အောင်ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ငစိုင်း၊ စုတ်ဖွား၊ ပြားကြီးတို့သည် မုံရွာမြို့၊ နန္ဒာဝန်ရပ်ကွက်၊ ပုဏ္ဏမီလမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။

အောက်တိုဘာ ၂၄ ရက်တွင် အောင်ကျော်ဇင်နှင့်  ဖမ်းဆီးရန်ကျန် တရားခံ ဇော်မျိုးအောင် (ခ) သံမဏိ၊ ငစိုင်း၊ စုတ်ဖွား တို့သည် မအူကျေးရွာရှိ အပြစ်မဲ့ပြည်သူ ၁ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။

အောက်တိုဘာ ၂၆ ရက်တွင် ဇော်ထက်အောင်၊ ငပုတ် နှင့် တောက်တီး တို့သည် စက်မှုဇုန်ရပ်ကွက်အတွင်းရှိ (၈၁) ကာရာအိုကေဆိုင်ရှေ့၌ အပြစ်မဲ့ပြည်သူ ၂ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါဖမ်းဆီးရမိသူများအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

သတင်းစဉ်