မုံရွာ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိုးနှံပြီစီးနိုင်ရေး မုံရွာမြို့အဝင် အလုံစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၄ ရက် နံနက် ၈ နာရီမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အခမဲ့ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီလွင်က “အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရန်အတွက် ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မုံရွာမြို့တွင်းက လူဦးရေသာမက ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား ပြည်သူများကို မှတ်ပုံတင်စာရင်း ရေးသွင်းပြီး ပထမအကြိမ်အဖြစ် ယနေ့ စတင်ထိုးနှံပေးခြင်း ဖြစ်ကာ ၂၈ ရက်ခြား၍ ဒုတိယအကြိမ်ကိုလည်း ထိုးနှံပေးသွားမှာ ဖြစ်ပါကြောင်း”
မုံရွာမြို့အဝင် အလုံစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မုံရွာခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ ကြီးကြပ်၍ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ခုတင်(၃၀၀)မှ တပ်မတော် ဆေးဝန်ထမ်းများက ခရီးသွားပြည်သူ လူဦးရေ ၇၀၀ ကျော်ကို ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့သည်။
မုံရွာမြို့အဝင် အလုံစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)