မုံရွာ ၁၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သည် လူဦးရေထူထပ်ပြီး နေ့စဉ်လူတို့ အသုံးပြုလျက်ရှိသော အမှိုက်တန်ချိန် (၁၅၀) ခန့်ထွက်ရှိလျက်ရှိသဖြင့် ခေတ်မီနည်းပညာဖြင့် ချေဖျက်သည့်စနစ်ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်အတွက် ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှ ဖူဂျီတ ကုမ္ပဏီမှ လာရောက်ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၏ ပြောကြားချက်အရ သိရသည်။
“ မုံရွာမြို့မှာက တစ်ရက်ကို အမှိုက်တန်ချိန်(၁၅၀)လောက်ထွက်တယ်၊ တစ်ရက်အမှိုက်ကိုသွားပြီး ပုံလိုက်တော့မြေနေရာတွေပုတ်တယ်၊ ပတ်ဝန်းကျင်လည်းပျက်စီးတယ်၊ အမှိုက်ပုံတွေရှိပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အမှိုက်ထားရမဲ့နေရာပြသနာကပေါ်လာတယ်၊ အဲဒီအမှိုက်တွေကို ချေဖျက်ဖို့အတွက် ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေတယ်၊ သုံးနှစ်အတွင်း အပြီးလုပ်ဆောင်ပေးမှာဖြစ်တယ်၊ အမှိုက်စွန့်ပစ်တဲ့ နေရာတွေကိုတော့ လိုက်ပြီးပြသပေးထားပြီးပြီ၊ လာမဲ့ဇူလိုင်လအတွင်းမှာတော့ အမှိုက် စွန့်ပစ်ထားတဲ့နေရာ(၃)နေရာကို အသေးစိတ်သူတို့ကွင်းဆင်းလေ့လာပြီးတော့ လုပ်လို့ရမဲ့အမှိုက် ချေဖျက်နည်းစနစ်တစ်ခုကို အသုံးပြုလုပ်ဆောင်သွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောသည်။
မုံရွာမြို့တွင် နေ့စဉ်လူတို့စွန့်ပစ်သည့် မီးဖိုချောင်သုံးအမှိုက် (၇၄) ရာခိုင်နှုန်း၊ ပလတ်စတစ်အမှိုက် (၁၀) ရာခိုင်နှုန်း၊ ပုလင်းခွံ/ဘူးခွံအမှိုက် (၁)ရာခိုင်နှုန်းနှင့် ခြံထွက်အမှိုက်(၁၅)ရာခိုင်နှုန်း ထွက်ရှိသဖြင့် ၄င်းအမှိုက်များကို နေရာသုံးခုခွဲပြီး ပို့ဆောင်စွန့်ပစ်လျက်ရှိရာ နေရာခက်ခဲခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းကြောင့် ခေတ်မီအမှိုက်ချေဖျက်နည်းပညာများကို အသုံးပြုရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)