မုံရွာ စက်တင်ဘာ ၁၉
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မုံရွာမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဌေးက သန်းခေါင်စာရင်းသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့်ပတ်သက်၍ Video Click ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် တက်ရောက်လာသည့် စာရင်းစစ်/စာရင်းကောက် သင်တန်းသားများဖြင့် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် စာရင်းစစ်/စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများကို နည်းပြ ဆရာ/ဆရာမ ၉ ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၁၄၄ တို့အား စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ၁၂ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက် ၃၁ ခုရှိ ကောက်ကွက်ပေါင်း ၄၂၆ ကွက်တို့၌ စာရင်းစစ်/စာရင်းကောက် စုစုပေါင်း ၁၇၅ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်ဖြင့် မထပ်မကျန်အောင် စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


