မုံရွာ ဖေဖော်ဝါရီ ၂၆
တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ ဗလ ငါးတန်ဖြင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် မိမိဝါသနာပါရာ အားကစားနည်းများအား လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့် ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ်လေ့ကျင့်ပြီး နိုင်ငံတော်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေ ဖြင့် နည်းပြများ၏ သင်ကြားပို့ချချက်များကို ကြိုးစားသင်ယူလေ့ကျင့်ပြီး နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားမောင်မယ်များအဆင့်ထိ ရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသား သင်တန်းသူများ၏ ဘောလုံး၊ ကရာတေး၊ Fitness Dance သရုပ်ပြသ မှုများကို ကြည့်ရှုအားပေးကြပြီး သရုပ်ပြသခဲ့ကြသည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစား သင်တန်းများသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၅၀ တက်ရောက်ပြီး အဆိုပါသင်တန်းတွင် အားကစားနည်း ၁၃ မျိုးကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၃၁ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


