မုံရွာ မတ် ၈
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာမများနှင့် ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသည် အမျိုးသမီးထုကြီး၏ အင်အားနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးကဏ္ဍမြှင့်တင်ပေးမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းယန္တရားများ အားကောင်းလာစေရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတော်အသွင် ကူးပြောင်းကာလအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို တစ်ဆင့်ထက်တစ်ဆင့် မြင့်မား တိုးတက်စေရန်၊ တန်းတူအခွင့်အရေး ရရှိစေရန်အတွက် အမျိုးသမီးစွမ်းရည် မြှင့်တင်သွား ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက နှင့်ဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ပေးအပ်သည့် “လုပ်ငန်း စွမ်းဆောင်မှုနှင့် လွှမ်းခြုံမှု အကောင်းဆုံး” ဒုတိယဆုတံဆိပ် ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အပ်နှံကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ပေးပို့သည့် သဝဏ်လွှာ Video Massages နှင့် မြန်မာနိုင်ငံအမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip တို့ကို ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မုံရွာမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက် ကြရာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ဥက္ကဋ္ဌ တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခင်းကျင်းပြထားသည့် အိမ်တွင်းမှု လက်ရာပစ္စည်းများနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များ၏ ခရိုင်နှင့် မြို့နယ်များ၌ လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးကြသည်။
ညနေပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့ ကန်သာယာညဈေးဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မုံရွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌတို့က ကန်သာယာညဈေးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


