မုံရွာ ၂၄ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲနှင့် GIZ တို့ပူပေါင်း၍ Myanmar Trade Development Programme မှ EU နိုင်ငံများသို့ EU စံသတ်မှတ်ချက်နှင့်အညီ ပျားရည်နှင့်ပျားထွက်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် Myanmar Trade Development Programme Funded by EU အကူအညီဖြင့် ဌာန/ပုဂ္ဂလိက ပျားမွေးမြူသူများကို ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ပြီး Good Beekeeping Practice Training သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက မုံရွာမြို့ ဝင်းယူနတီ ဟော်တယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးမျိုးတင့်က ပျားမွေးမြူရေးဌာနခွဲနှင့် ပုဂ္ဂလိက ကဏ္ဍမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် Export ပျားရည် (၂၇၈၃ ဒသမ ၈၃၂) မက်ထရစ်တန် တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိမှုမှာ အမေရိကန် ဒေါ်လာ(၄ ဒသမ ၁၇)သန်းရရှိခဲ့ပါကြောင်း၊ တင်ပို့သည့် နိုင်ငံများကတော့ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ မလေးရှား၊ ထိုင်း၊ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ဖြစ်ပါကြောင်း၊ တိ်ုင်းဒေသကြီး/ပြည်နယ်/မြို့နယ် ပျားစခန်းများနှင့် ပုဂ္ဂလိက ပျားမွေးမြူသူများအနေဖြင့် မွေးမြူလျက်ရှိသော ပျားအုံများကို Good Beekeeping Practice Training နှင့်အညီ သင်ကြားပို့ချပေးသည့်အတိုင်း စနစ်တကျလိုက်နာကျင့်သုံး မွေးမြူသွားကြစေရန်နှင့် ပျားရည်များကို EU နိုင်ငံများသို့ တင်ပို့ရောင်းချနိ်ုင်ရန်အတွက် ပျားရည်တွင်ပါဝင်သော ဓါတုဓာတ်ကြွင်းအာနိသင်ပါဝင်မှု ကင်းစင်ရေးသည် အရေးကြီးပါသဖြင့် ပျားရောဂါကာကွယ်ကုသဆေးဝါးများ အသုံးပြုရာတွင် လိုက်နာရမည့် အချက်များအတိုင်းဆောင်ရွက်ခြင်း၊ ပျားစခန်းများအတွင်းကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ် (GBP) စနစ်နှင့်အညီ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ သယ်ယူပို့ဆောင်ရာတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိ်ုင်ငံမှ ထွက်ရှိသည့် ပျားရည်သည် ဈေးကွက်ဝင် စံချိန်မီ ပျားရည်များအဖြစ် တင်ပို့ရောင်းချသွားနိုင်မှာဖြစ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ပျားလုပ်ငန်းများနှင့်ပတ်သက်၍ ပျားပညာရှင် ဂွါတီမာလာနိုင်ငံမှ သင်တန်းနည်းပြဆရာ မစ္စတာ Pablo က နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၀)ခုမှ ပျားလုပ်ငန်းဝန်ထမ်း (၃၅)ဦးနှင့် ပြည်တွင်း ပျားရည်ဝယ်ယူသူကုမ္ပဏီများမှ ကိုယ်စားလှယ်(၁၅)ဦးတို့အား သင်တန်းကာလ စက်တင်ဘာ (၂၄) ရက်မှ (၂၆) ရက်အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“EU အထောက်အပံ့နှင့် GIZ ကနေ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်၊ အဓိကတော့ EU ကို မြန်မာ့ပျားရည် တင်ပို့နိုင်ဖို့အတွက် မွေးမြူသူတွေ ဘယ်လိုအရည်အသွေးကောင်းရမယ်ဆိုတဲ့ သင်တန်းပေးခြင်းဖြစ်ပါတယ်၊ သင်တန်းပြီးဆုံးပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များမှ ပျားလုပ်ငန်းဌာနမှ ဝန်ထမ်းများက စစ်ဆေးရေးမှူးများဖြစ်ကာ ပုဂ္ဂလိက ပျားမွေးမြူသူများနှင့် ပျားစခန်းတွေကို စစ်ဆေးပေးဖို့နှင့် ဝယ်တဲ့သူတွေက အရည်အသွေးကောင်းတွေကို ရွေးချယ်ပြီး ဝယ်ယူတတ်စေရန်နှင့် လာမည့် စက်တင်ဘာ (၂၇)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပုဂ္ဂလိက ပျားမွေးမြူသူတွေကို အရည်အသွေးကောင်း ပျားရည်ထုတ်တက်အောင် မွေးမြူနည်းပညာများကို သင်ပေးသွားမည်ဖြစ်ပါတယ်”ဟု နေပြည်တော် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးခင်မောင်တင့်က ပြောကြားသည်။
ထွန်းကိုကို(ယင်းမာပင်)