မုံရွာ ၆ ဧပြီ
မုံရွာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အလိုအလျောက် ပိုးသတ်ဆေးဖျန်းပေးသည့်စနစ်ကို Save Monywa အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် မုံရွာနည်းပညာကျောင်းသားလေးဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ တီထွင်မှုအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံအတွင်းနေထိုင်သည့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် အလိုအလျောက် ဆေးဖျန်းသည့်စနစ်ဖြင့် ပိုးသတ်ဆေးဖျန်းမည်ဆိုရင် ကာကွယ်မှုပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ ယခု ဆေးဖျန်းသည့်စနစ်အရ ခလုတ်နှိပ်ဖျန်းပတ်စရာမလိုဘဲ လေးထောင့်ပတ်လည် ပလတ်စတစ် ဧရိယာအတွင်း လူဝင်ရောက်လျှင် အလိုအလျောက် ၁၀ စက္ကန့် ပိုးသတ်ဆေးဖျန်းပေးမည် ဖြစ်ပါကြောင်း” မုံရွာနည်းပညာကျောင်းသား မောင်မျိုးသက်ထွန်းက ပြောကြားသည်။
“အလိုအလျောက် ဆေးဖျန်းသည့်စနစ်ကို မော်တာ၊ ပန့်နော်ဇယ်၊ PLC၊ SENSOR များဖြင့် ပြုလုပ်ပြီး ကုန်ကျမှုအနေဖြင့် တစ်ခုလျှင် ၃ သိန်းကျော် ကုန်ကျမှုရှိပါကြောင်း၊ လိုအပ်သည့် ပစ္စည်းများကို ရန်ကုန်မှ ဝယ်ယူရသည့်အတွက် အခက်အခဲရှိသော်လည်း ရောဂါများဖြစ်ပွားနေချိန် နည်းပညာကျောင်းမှ မိမိတို့ပညာဖြင့် လုပ်ဆောင်ခွင့်ရသည့်အတွက် ဝမ်းသာမိပါကြောင်း” မုံရွာနည်းပညာ ကျောင်းသား မောင်တင့်နိုင်လင်းက ပြောကြားသည်။
“မုံရွာမြို့ဝင် ခရီးသည်များအတွက် အလိုအလျှောက် ဆေးဖျန်းသည့်စနစ်ကို အသုံးပြုခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရာတွင် အချိန်ကုန်သက်သာပြီး ပို၍ထိရောက်မှုရှိမည် ဖြစ်ပါကြောင်း၊ Auto ဆေးဖျန်းသည့်စနစ် ပြုလုပ်ရာတွင် ငွေကြေးခက်ခဲမှုရှိခဲ့သည့်အတွက် အချိန်ကြာ မြင့်ခဲ့ပါကြောင်း၊ အစိုးရဌာနများမှ လိုအပ်သည့်ပစ္စည်းများ ကူညီပံ့ပိုးပေးမည်ဆိုလျှင် လုပ်အားခမယူဘဲ ဆောက်လုပ်ပေးမည်ဖြစ်ပါကြောင်း မုံရွာ နည်းပညာကျောင်းသား မောင်ရှိုင်းဝဏ္ဏလွင်က ပြောကြားသည်။
“အလိုအလျောက် ဆေးဖျန်းသည့်စနစ် တီထွင်မှုအောင်မြင်ရန်အတွက် Save Monywa အဖွဲ့က ကူညီပေးပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်နေချိန်တွင် အများပြည်သူများကဲ့သို့ အိမ်တွင်နေထိုင်ချင်သော်လည်း မိမိတို့တတ်သည့်ပညာဖြင့် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီချင်ပါကြောင်း” မုံရွာနည်းပညာကျောင်းသား မောင်သူရိန်လင်းထက်က ပြောကြားသည်။
“ယခု ကလေးများပြုလုပ်ထားသည့် အလိုအလျောက် ဆေးဖျန်းသည့်စနစ်ကို တိုင်းအစိုးရသို့ လှူဒါန်းမည်ဖြစ်ပါကြောင်း၊ နည်ပညာကျောင်းသားလေးဦးက ပညာတတ်ပြီး ကြိုးစားမှုရှိသော်လည်း ပစ္စည်းများဝယ်ယူရန် ငွေကြေးအခက်အခဲဖြစ်နေပါကြောင်း၊ ကလေးများအတွက် ကူညီပံ့ပိုးမှုများ လိုအပ်နေပါကြောင်း၊ ရောဂါကာကွယ်ရန်အတွက် အစိုးရအနေဖြင့် လိုအပ်သည့်ပစ္စည်းများ ထုတ်ပေးလျှင် များများနှင့်မြန်မြန် ပြီးစီးအောင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း” Save Monywa အဖွဲ့မှ ဦးအောင်နေမျိုးက ပြောကြားသည်။
မွှေးကြူဇင်


