မုံရွာ ၂၂ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကျိတ်နှင့် မီးလောင်ဒဏ်ရာရ လူနာများကို မုံရွာပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်ထိ  အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိသည်။


ထိုသို့ အခမဲ့ခွဲစိတ်ကုသပေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ စားဖိုးမှူးများအသင်းနှင့် ဂျာမနီနိုင်ငံ German Inter Plast အသင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ မုံရွာပြည်သူ့ဆေးရုံကြီး (ခုတင် ၅၀၀)နှင့် မုံရွာမြို့ပရဟိတအဖွဲ့များ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ အခမဲ့ခွဲစိတ်ကုသပေးမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆေးဝါးကုသမှု ခံယူနေကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည် -  

ဦးရဲထွဋ် (ပုလဲမြို့ ရွှေဉဒေါင်းရပ်ကွက်)

၂၀၁၆ ခုနှစ်က အက်စစ်အပူလောင်ပြီး မျက်စိတစ်ဖက်နဲ့ မျက်နှာထိခိုက်သွားပါတယ်။ အခုကုသမှုမှာ ကျွန်တော်ရဲ့ မျက်စိတစ်ဖက်ကို ကုသခွင့်ရပါတယ်။ အခမဲ့ ဆေးကုသပေးမယ်ဆိုတာ သတင်းစာကနေတစ်ဆင့် သိခဲ့ပါတယ်။ အစက အခမဲ့ဆိုတော့ သိပ်မယုံခဲ့ပါဘူး။ သတင်းစာထဲမှာ ဖုန်းနံပါတ်လည်းပါတော့ သေချာအောင် ဖုန်းဆက်ကြည့်ရင်းကနေ အဆက်အသွယ်ရခဲ့တာ ဖြစ်ပါတယ်။ 

ဉီးကျော်သက် (ဖခင်၊ မုံရွာမြို့၊ ရှမ်းတောရပ်ကွက်) 

ကျွန်တော်ရဲ့ သားလေးက တစ်နှစ်သားအရွယ်မှာ လက်ကို ရေနွေးပူးလောင်ပြီး လက်ညှိုးလေးက အပေါ်ကအသားနဲ့ အောက်ကအသား ဆက်သွားပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကုသပေးပါတယ်။ ပိုက်ဆံမတတ်နိုင်တော့ အခုလို ဆရာဝန်ကြီးတွေနဲ့ ပရဟိတစေတနာရှင်တွေက   အစစအရာရာ ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးတဲ့အတွက် တော်တော်လေးကို ဝမ်းသာပီတိဖြစ်ရပါတယ်။

ဦးအောင်ဘိုဘိုမြင့် (ဖခင်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်)

ကျွန်တော်ရဲ့ ကလေးက ကျောချင်းကပ်အမွှာကို ခွဲထားရတဲ့အတွက် ကလေးက ပူတာ၊ အေးတာ မသိပါဘူး။ ခြေထောက်ကလည်း ခွင်နေပါတယ်။   ကလေးက ဆိုင်ကယ်အင်ဂျင်ပေါ်ကို ခြေထောက်တင်လိုက်တဲ့အတွက် အရေပြားမှာ အဖုအကြီးကြီးဖြစ်ပြီး အသားထဲ အထိကျက်သွားပါတယ်။ နှစ်ခါလောက် ခွဲရမယ်လို့ ဆရာဝန်ကြီးတွေက ပြောပါတယ်။ 

ပထမတစ်ခါက အပေါ်ယံအရေပြားတွေကို ခြစ်ထုတ်ပြီး အသားမာတွေကို ဇန်နဝါရီ ၂၀ ရက်က အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ခွဲစိတ်မှုမှာ ခြေထောက်အနာကို ကလေးရဲ့ပေါင်က အသားနဲ့အစားထိုးပြီး ဇန်နဝါရီ ၂၅ ရက်မှာ ခွဲစိတ်ကုသမှာ ဖြစ်ပါတယ်။ အခုဆေးကုသတဲ့နေရာမှာလည်း ဆရာဝန်ကြီးတွေက လိုအပ်ချက်မရှိအောင် ဂရုစိုက်ပါတယ်။ မေ့ဆေးမပျယ်ရင်လည်း ဆရာဝန်တွေက မေ့ဆေးပျယ်တဲ့အထိ ဂရုစိုက်ပြီး စောင့်ပေးပါတယ်။ အခုလို စောင့်ရှောက်ပေးတဲ့အတွက် ဆရာဝန်ကြီးတွေနဲ့အတူ ပရဟိတအဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ 

ဒေါ်ပြုံးပြုံးအေး (ကလေးဝမြို့နယ် အင်တိုင်းရွာ)

ကျွန်မရဲ့ မွေးရာပါ လက်ပူးတာကို အခုဒီမှာ လာပြီးကုတာပါ။ စိတ်ရှည်ရှည်နဲ့ အရင်ကနဲ့ မတူအောင် ဆရာဝန်ကြီးတွေက ကုသပေးတဲ့အတွက် အခုဆို ကျွန်မလက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။ ကျွန်မလို လက်ပူးတဲ့သူတွေရှိရင် လာပြီးကုစေချင်ပါတယ်။ ကျွန်မတို့လို ပိုက်ဆံမရှိတဲ့သူတွေအတွက် ဂျာမနီက ဆရာဝန်ကြီးတွေနဲ့ ကုသခွင့်ရအောင် စီစဉ်ပေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ 

ဒေါ်ချိုချိုဝင်း (ခရိုင်ဉက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း)

ကျွန်မအနေနဲ့ အခုလို အခမဲ့ခွဲစိတ်ကုသမှုမှာ ဆေးရုံကို ရောက်ရှိလာတဲ့ လူနာတွေရဲ့ စာရင်းဇယားကို တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ အခုလို ပြည်သူတွေအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရလို့ ကျေနပ်မိပါတယ်။ ဒီထက်လည်း ပိုပြီးကူညီ ဆောင်ရွက်ချင်ပါတယ်။

 

22021


ဉီးကျော်တင် (အစီအစဉ်ဖြစ်မြောက်ရေးအတွက် ဉီးဆောင်လုပ်ကိုင်သူ)

ဇန်နဝါရီ ၁၈ ရက်က  လူနာ ၁၆၀ ကျော် ရောက်ရှိလာပါတယ်။ လူနာတွေကို ဇန်နဝါရီ ၂၀ ရက်အထိ လူနာ ၉၉ ယောက်ကို ခွဲစိတ်ကုသမှုပေးမှာပါ။ မူလက ခွဲစိတ်ဆရာဝန်ကြီး ၄ ယောက်နဲ့ ခွဲစိတ်ခန်း ၂ ခန်း စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် နေပြည်တော်နဲ့ မန္တလေးက ဆရာဝန်ကြီး နှစ်ယောက် ထပ်မံရောက်ရှိလာတဲ့အတွက် ခွဲစိတ်ဆရာဝန် ၆ ယောက်၊ ခွဲစိတ်ခန်း ၃ ခန်းနဲ့ တစ်ပြိုင်နက်တည်း ခွဲစိတ်ကုသမှာဖြစ်တဲ့အတွက် တစ်ရက်ကို လူနာ ၁၇ ယောက် အများဆုံး ခွဲစိတ်နိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ နေ့စဉ်ခွဲစိတ်ကုသမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အကူအညီတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအသင်းတွေ စုပေါင်းပြီး ကူညီပေးသွားမှာ ဖြစ်ပါတယ်။  

တွေ့ဆုံမေးမြန်း- မွှေးကြူဇင်၊ ဓာတ်ပုံ - ကိုရဲ