မုံရွာ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ် ဦးစီးမှူး ဦးဆန်းမင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မုံရွာမြို့နယ် သာစည်ကျေးရွာ ဆည်တော်မြင်တဝဂူ ဘုန်ကြီးကျောင်း စိတ္တသုခဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအညီ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာမြင့်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူး ဦးဆန်းမင်းအောင်တို့က ပန်းခင်းစီမချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက သာစည်ကျေးရွာအုပ်စုအတွင်းရှိ ကိုးပင်၊ ထန်းပင်လှ၊ ဘုရားကြီး၊ ရွာသာ၊ တွင်းချောင်း စသည့်ကျေးရွာ(၅)ရွာမှ အသက်(၁၀)နှစ်ပြည့်သူများနှင့် အသက်(၁၈)နှစ်ပြည့်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား (၁၂၀)ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ယနေ့အချိန်အထိ အသက်(၁၈)ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၁၀၅၇)ဦးကို လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၆၀၄)ဦးကို လည်းကောင်း စုစုပေါင်း နိုင်ငံသားစီစစ်ရေးကတ်ပြား (၁၆၆၁)ဦးကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများထံသို့ ပေးအပ်ထုတ်ပေးပြီးကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)