မုံရွာ  ၁၈   မတ်

           

မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အခွန်စည်းကြပ်မှု အမျိုးအစား (၈) မျိုးမှ အခွန်ငွေကျပ် (၄၄၄၁၂) သိန်း ရရှိရန် လျာထားလုပ်ဆောင်လျက်ရှိကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံမှ  သိရသည်။

           

“ မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီအနေနဲ့ မြို့အတွက် အဓိကလိုအပ်တဲ့ လမ်းတံတား စီမံကိန်းများ၊ အမှိုက်သိမ်းခြင်း၊ ရေပေးဝေခြင်း စတဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်ပေးနေတယ်။ ဒီဝန်ဆောင်မှုတွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့အတွက် နှစ်စဉ်ဘတ်ဂျက်များကိုလည်း တိုးတက်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုဘဏ္ဍာရေးနှစ်မှာလည်း မြို့စည်ပင်သာယာလှပရေးတွေကို အရှိန်အဟုန်မပျက် လုပ်ဆောင်ဖို့လိုအပ်တဲ့ ဘတ်ဂျက်ငွေတွေကို ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ အလေးထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု  မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။

           

အခွန်စည်းကြပ်မှုအနေဖြင့် ပစ္စည်းခွန်မှ ငွေကျပ် (၁၈၁၇) သိန်းအားလည်းကောင်း၊ ဘီးခွန်မှ ငွေကျပ် (၁၀၈၉၂.၂) သိန်းအားလည်းကောင်း၊ ငှားရမ်းခနှင့် အခကြေးငွေများ ကောက်ခံမှုမှ ငွေကျပ် (၃၆၆၃.၉) သိန်း အားလည်းကောင်း၊ လုပ်ငန်းလိုင်စင်များမှ ကောက်ခံမှုမှ ငွေကျပ် (၂၄၆၆.၂) သိန်းအားလည်းကောင်း၊ အခွင့်အရေး လိုင်စင်များ ကောက်ခံမှုမှ ငွေကျပ် (၁၆၇၆၇.၅) သိန်းအားလည်းကောင်း၊ ဒဏ်ငွေများမှ ငွေကျပ် သိန်း (၈၀၀) အားလည်းကောင်း၊ အခြားကောက်ခံမှုများမှ ငွေကျပ် (၅၄) သိန်းအားလည်းကောင်း၊ အမှိုက်ခွန်များ စည်းကြပ်ခြင်းမှ ငွေကျပ် (၇၉၅၁.၂) သိန်းအားလည်းကောင်း၊ စုစုပေါင်းငွေကျပ် (၄၄၄၁၂) သိန်းရရှိရန် လျာထားကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၏ ပြောကြားချက်အရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

mdn