မုံရွာ ၁၇  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ကြက်သွန်နီသီးနှံများကို ဆောင်းသီးနှံများအဖြစ် စိုက်ပျိုးလျက်ရှိရာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လုပ်သားများငှားရမ်းစိုက်ပျိုး ကြသဖြင့် ဧကပြတ် စိုက်ပျိုးကြသည့် နေ့စားအလုပ်သမားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

           

ကြက်သွန်နီသီးနှံ စိုက်ပျိုးချိန်တွင် အလုပ်သမားများကို ငှားရမ်းလုပ်ကိုင်ကြရာ ယခုနှစ်တွင် ကြက်သွန်နီ ပျိုးပင်များကို ဧကပြတ်ငှားရမ်းစိုက်ပျိုးကြသဖြင့် နေ့စားလိုက်လံ စိုက်ပျိုးသူများ တစ်ဧကလျှင် စိုက်ပျိုးခ (၂)သိန်း ကျပ်ဖြင့် ငှားရမ်းစိုက်ပျိုးကြရကြောင်း ကြက်သွန်နီစိုက် တောင်သူများထံမှ သိရသည်။

 

 “ မနှစ်ကထက်အခုနှစ်မှာ စိုက်ပျိုးခပိုရတဲ့အတွက် အဆင်ပြေကြတယ်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေ တာကြောင့် သတိထားပြီးတော့ လုပ်ကြရတယ်၊ စားဝတ်နေရေးအတွက်မဖြစ်မနေထွက်ပြီး လုပ်နေရတာကြောင့် သတိပြုလုပ်နေရတယ်၊ တစ်ဧကကို လူ(၁၆)ဦးနဲ့ စိုက်မယ်ဆိုရင် မနက်(၆)နာရီက ညနေ(၅)နာရီ လောက်အထိ စိုက်ရတယ်၊ ဧကပြတ်စိုက်တာဆိုတော့ ပိုပြီးစိုက်နိုင်ရင် နေ့ထွက်ပိုပြီး ကိုက်တဲ့အတွက် ကြိုးစားစိုက်ကြရတယ် ” ဟု ညောင်ခြေထောက်ကျေးရွာမှ ကြက်သွန်နီကို နေ့စားလိုက်လံ စိုက်ပျိုးသူ မငြိမ်းငြိမ်းက ပြောသည်။

 

စားဖိုချောင်သုံးသီးနှံ ကြက်သွန်နီကို မုံရွာမြို့နယ်မြောက်ဘက်ခြမ်းရှိ ကြီးဗဒုံ၊ ကံမ၊ တောင်ပလူ၊ ကျောက်စစ်ပုံ၊ ကျွဲရဲ၊ သမန်တာ၊ ကော်ရဗျ၊ ညောင်ခြေထောက်၊ ကျီကုန်း၊ အလုံ၊ သပြေတော၊ ဖန်ခါးကျင်း ကျေးရွာတို့တွင် လည်းကောင်း မြောက်ဘက်ခြမ်းရှိ မအူ၊ ကြာပိုင်၊ တောပု၊ အောင်သာ၊ မြေနဲ၊ မင်းရွာနှင့် အခြားကျေးရွာ (၃၀)ကျော်တို့တွင်  ကြက်သွန်သီးနှံကို အများဆုံးစိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)