မုံရွာ ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း နိုင်ငံခြားဈေးကွက်ဝင် ဖရဲ၊ သခွားမွှေးသီးနှံ စိုက်ပျိုးတောင်သူများ အသီးဈေးကွက်ပျက်ကာ ငွေကြေးဆုံးရှုံးမှုများခဲ့သဖြင့် ဖရဲ၊သခွားမွှေး သီးနှံစိုက်ပျိုးရေး နေရာများတွင် အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
လတ်တလောဖြစ်ပေါ်လျက်ရှိသော Covid-19 ရောဂါကြောင့် ဖရဲ၊ သခွားမွှေး သီးနှံများကိုအဓိက တင်ပို့နေသည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတုံ့ဆိုင်းလျက်ရှိရာ မြန်မာနိုင်ငံမှ ထွက်ရှိသော ဖရဲ၊ သခွားမွှေး သီးနှံဈေးကွက်တွင် ထိခိုက်နစ်နာမှုများရှိခဲ့သဖြင့် ၎င်းသီးနှံများနေရာတွင် အခြားသီးနှံများကို အစားထိုး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
“Covid-19 ရောဂါ အခြေအနေကြောင့် ဖရဲ၊ သခွားမွှေးသီးနှံဈေးကွက် ပျက်တဲ့အတွက် တောင်သူတွေ အထိနာခဲ့တယ်၊ အခုအစားထိုးသီးနှံအဖြစ် ပဲတီစိမ်း၊ ငရုတ်၊ တိုင်ထောင်ပဲနဲ့ ခဝဲသီးတွေကို ပြန်လည်စိုက်ပျိုးနေတာဖြစ်တယ်၊ အခုလက်ရှိ ဈေးကွက် အနေအထားအရ အဆင်ပြေတဲ့ အနေအထားဖြစ်တယ်၊ သခွားမွှေး စိုက်ပျိုးရေးက ရာသီဥတုနဲ့လည်း ဆိုင်တယ်၊ မိုးများမယ်၊ ရေကြီးမယ်ဆိုရင် စိုက်ဝံ့တယ်၊ မိုးခေါင်မယ်၊ ရေလည်းမ ဝင်ဘူးဆိုရင်တော့ သခွားမွှေး ကိုဆက်စိုက်ဖို့ အစီအစဉ်မရှိဘူး၊ တခြားသီးနှံတွေကို ဆက်ပြီးစိုက်ဖို့ စီစဉ်မှာပါ၊ ဒီနေရာမှာ မစိုက်ဘဲ သခွားမွှေး သီးနှံလုံးဝ မစိုက်ရသေးတဲ့မြေတွေရှာပြီး စိုက်ဖို့ ရှိတယ်၊ လက်ရှိနေရာမှာတော့ သခွားမွှေးစိုက်မယ်ဆိုရင် ပိုးမွှားတွေ တစ်အားများနေတဲ့အတွက် စိုက်ဖို့ အစီအစဉ်မရှိဘူး” ဟု မုံရွာမြို့နယ် တောပုကျေးရွာမှ စိုက်ပျိုးရေးတောင်သူ ဦးအောင်တင်ဝင်းက ပြောသည်။
ယခုလက်ရှိအချိန်တွင် ဆုံးရှုံးမှုများရှိခဲ့သည့် ဖရဲ၊ သခွားမွှေးစိုက်ပျိုးသည့် မြေနေရာများတွင် ငရုတ်၊ ပဲတီစိမ်း၊ တိုင်ထောင်ပဲ၊ ခဝဲသီးစသည့် ရာသီသီးနှံများအဖြစ် စိုက်ပျိုးလျက်ရှိကြောင်းနှင့် လာမည့်နှစ်တွင်လည်း ရာသီဥတု အခြေအနေ၊ ဈေးကွက်အနေအထားကိုကြည့်ပြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


