မုံရွာ၊ ၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းကြက်သွန်နီ ဧက ၇၀ဝ၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်ထံမှ သိရသည်။
“အခုနောက်ပိုင်းမှာ နိုင်ငံခြားဈေးကွက် အခိုင်အမာရရှိဖို့မျှော်မှန်းပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ်နဲ့လည်း ဧက ၃၀ဝ ကျော်လောက် စိုက်ပျိုးထားတယ်၊ မြို့နယ်အတွင်းမှာ ကြက်သွန်နီသီးနှံက နှစ်စဉ်စိုက်ဧက တိုးလာတယ်၊ ကြက်သွန်နီစိုက်ပျိုးရေးက မုံရွာမြို့နယ် ကျေးရွာအတော်များများမှာ မိရိုးဖလာ စိုက်နည်းနဲ့ပဲ စိုက်ကြတာများပါတယ်၊ GAP စနစ်နဲ့စိုက်တဲ့ စိုက်ခင်းတွေကို စိုက်နည်းစနစ်မှန်ကန်ဖို့၊ အခြားတောင်သူတွေ လာပြီးလေ့လာလို့ရအောင် မှတ်တမ်းပြုစုတာတွေ လုပ်ထားပြီးတော့ အရည်အသွေးကောင်းတဲ့ သီးနှံတွေဖြစ်အောင် ဝန်ထမ်းတွေက စိုက်ခင်းတွေထဲအရောက်သွားပြီး အသိပညာပေးတာတွေကို လုပ်ဆောင်ပေးနေပါတယ်” ဟု မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။
ဆောင်းကြက်သွန်နီစိုက်ပျိုးရေးကို မုံရွာမြို့နယ်အတွင်း မိရိုးဖလာနည်းနှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့် ကောင်းများစနစ်တို့ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ခင်းအရောက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


