မုံရွာ ဇန်နဝါရီ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ဗုံတို၊ ဘုမ္မနိုးကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြ၍ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ခရမ်းချဉ်သီးနှံကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးပြီး နှစ်လခန့်အကြာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် အသီးများခူးဆွတ်ရောင်းချရကြောင်း၊ ထိုင်ဝမ်မျိုးများကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ခြောက်ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကိုပျိုးပေါင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင်တစ်လသားအရွယ်ခန့်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုး၍ မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၂ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးကို ငါးရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် ၃၅၀-၄၀၀ ခန့်ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှ သီးနှံကုန်ချိန်အထိ တစ်ဧကလျှင် စုစုပေါင်းအထွက်နှုန်းမှာ ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့ ရောင်းချသည့်အပြင် မုံရွာမြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြရာ တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိလျက်ရှိကြောင်း သိရသည်။

 

သတင်းရင်းမြစ်- စီးပွား/ ကူးသန်း