မုံရွာ   အောက်တိုဘာ   ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ စက်တင်ဘာလအတွင်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေမှ ကျပ်သန်း ၄၀၀ ကျော် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မုံရွာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ ရှစ်ရွာရှိ အိမ်ထောင်စု ၁၁၁၅ စုကို ကျေးရွာ တစ်ရွာလျှင် အနည်းဆုံး ငွေကျပ် ၄၂ သန်းမှ အများဆုံး ငွေကျပ် ၆၄ သန်းအထိ စုစုပေါင်း ငွေကျပ်သန်း ၄၀၀ ကျော်ကို စီမံကိန်းရန်ပုံငွေမှ ပြန်လည်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ပုံငွေထုတ်ချေး ပေးမှုအနေဖြင့် ပလ္လင်မြောက်ကျေးရွာတွင် အိမ်ထောင်စု ၁၈၈ စုကို ရန်ပုံငွေကျပ် ၆၄ ဒသမ ၄၅ သန်း၊ ရှင်ငါးဆယ် ကျေးရွာတွင် အိမ်ထောင်စု ၁၆၈ စုကို ရန်ပုံငွေကျပ် ၅၂ သန်း၊ လှည်းဒါး ကျေးရွာတွင် အိမ်ထောင်စု ၁၂၂ စုကို ရန်ပုံငွေကျပ် ၄၄ ဒသမ ၈ သန်း၊ တွင်းချောင်း ကျေးရွာတွင် အိမ်ထောင်စု ၉၂ စုကို ရန်ပုံငွေကျပ် ၄၈ ဒသမ ၆၆ သန်း၊ တဲတိုက် ကျေးရွာတွင် အိမ်ထောင်စု ၉၃ စုကို ရန်ပုံငွေကျပ် ၄၄ ဒသမ ၈၇၆ သန်း၊ ရေလည်ကျွန်း ကျေးရွာတွင် အိမ်ထောင်စု ၁၁၉ စုကို ရန်ပုံငွေကျပ် ၄၂ ဒသမ ၁၉၅ သန်း၊  ကြီးဗဒုံ ကျေးရွာတွင် အိမ်ထောင်စု ၁၆၀ ကို ရန်ပုံငွေကျပ် ၅၃ ဒသမ ၆၅ သန်း၊ အနောက်ပျံကျ ကျေးရွာတွင် အိမ်ထောင်စု ၁၈၃ စုကို ရန်ပုံငွေကျပ် သန်း ၅၀ စုစုပေါင်း အိမ်ထောင်စု ၁၁၁၅ စုကို ရန်ပုံငွေကျပ် ၄၀၀ ဒသမ ၆၁၈ သန်းကို ထုတ်ချေးပေးခဲ့သည်။

မုံရွာမြို့နယ်တွင် ရပ်ကွက် ၃၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာ ၁၇၁ ရွာရှိကာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အထိ မြစိမ်းရောင်စီမံကိန်း ၃၀ ယူနစ်၊ ကျေးရွာပေါင်း ၃၃ ရွာ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ၃၃ ရွာ၊ Cash For Work စီမံကိန်း ခုနစ်ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ခြောက်ရွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနရုံးမှ သိရသည်။

ထိန်လင်း(မုံရွာ)