မုံရွာ ၁၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ တဲကြီးကုန်း၊ အင်တိုင်း၊ ရေကန်စုနှင့် ကန်ပြားကျေးရွာများသို့ စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်မှုမရှိစေရေး ယနေ့နံနက်ပိုင်းက စိုက်ခင်းများအရောက် သွားရောက်ကာ စိုက်ပျိုးနည်းစနစ် ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်ထံမှ သိရသည်။
စိုက်ပျိုးနည်းစနစ်ပညာပေးသည့် အစီအစဉ်အဖြစ် လက်ရှိစိုက်ပျိုးထားသော သီးနှံများ၏ အခြေအနေကို ကြည့်ရှုခြင်း၊ သွင်းအားစုထည့်သွင်းရန်၊ ရောဂါပိုမွှားကျရောက်မှုအခြေအနေ၊ ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများကို တောင်သူတစ်ဦးချင်းနှင့်ထိတွေ့ပြီး အသိပညာပေးခြင်း၊ လက်တွေ့ လုပ်ဆောင်ပေးခြင်း နှင့် သဘာဝပိုးသတ်ဆေး ဖော်စပ်နည်းနှင့် သဘာဝမြေဆွေးပြုလုပ်နည်းများကို လုပ်ဆောင်ပေးလျက်ရှိ ကြောင်း သိရသည်။
“တောင်သူတွေ စိုက်ခင်းထဲအရောက်သွားပြီး အသိပညာပေးတာတွေ စက်တင်ဘာလတတိယပတ်ကစပြီး နေ့စဉ်လုပ်ဆောင်နေတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ တောင်သူတွေရဲ့ စိုက်ခင်းတွေထဲအရောက်သွားပြီး တောင်သူတွေ စိုက်ပျိုးနေတဲ့ သီးနှံတွေအောင်မြင်ဖြစ်ထွန်းမှုအခြေအနေ၊ အပင်ဖြစ်ထွန်းဖို့ရာ လိုအပ်တဲ့ အာဟာရ ဓာတ်အသုံးပြုမှုအကြောင်းတွေ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းနည်းစနစ်တွေ သဘာဝပိုးသတ်ဆေးနဲ့ သဘာဝမြေသြဇာပြုလုပ်နည်း၊ သုံးစွဲနည်းစနစ်တွေကို တောင်သူတွေနဲ့တွေ့ဆုံပြီး အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။
မုံရွာမြို့နယ်အတွင်း စိုက်ခင်းများအရောက် စိုက်ပျိုးနည်းစနစ်ပညာပေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၂၂ ရက်မှ စတင်လုပ်ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၁၂ ရက်က မြို့နယ်အတွင်းရှိ အလုံ၊ စစ်ပင်၊ ကံကြီး၊ ဖန်ခါးကျင်း၊ ကြီးဗဒုံကျေးရွာနှင့် ရေအိုးစင် ကျေးရွာများသို့ ကွင်းဆင်းလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


