မုံရွာ ၃ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လတ်တလောဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိရာ လတ်တလော ရောဂါ ကူးစက်ပြန့်ပွား လျက်ရှိသော နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို နေရာ(၈)ခုမှ စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်ပြီး စောင့်ကြည့်ရေးစခန်း(၁၄)ခုဖြင့် ဖွင့်လှစ်ကာ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိကြောင်း မုံရွာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံးမှ သိရသည်။

 

 ““မြို့ရဲ့အဓိကကျတဲ့ နေရာ(၈)ခုမှာ ကျန်းမာရေးစစ်ဆေးတဲ့အဖွဲ့တွေထားရှိပြီး ပြည်ပပြန်တွေပါမပါ စစ်ဆေးတယ်၊ ပြည်ပပြန်တဲ့သူတွေ ပါလာရင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတွေဆီကို ပြန်မလွှတ်ဘဲ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က ဝန်ထမ်း အိမ်ရာမှာရှိတဲ့ တိုက်အမှတ် (၆) နဲ့ (၇) မှာထားသလို မြို့နယ်အတွင်းက အခြေခံပညာ ကျောင်း(၁၃)ကျောင်းမှာ စောင့်ကြည့်စခန်းတွေဖွင့်လှစ်ပြီး ပြည်ပပြန်တွေမှာ ရောဂါပိုးရှိ/မရှိကို (၁၄)ရက်ကြာ စောင့်ကြည့်တာတွေ လုပ်နေတယ်၊ တကယ်လို့ ပိုးတွေ့ခဲ့ရင် အထူးစောင့်ကြပ် ကြည့်ရှုကုသနိုင်တဲ့ ယာယီဆေးရုံတစ်ရုံ အသင့်ထားရှိပြီး ဖြစ်ပါတယ်၊ မြို့နယ်အတွင်းမှာလည်း ကော်မတီတွေဖွဲ့စည်းပြီး ပိုးသတ်ဆေးဖျန်း တာတွေ၊ အသံချဲ့စက်နဲ့ လိုက်ပြီး အသိပညာပေးတာတွေ၊ ဗီနိုင်းပိုစတာ ကပ်တာတွေကို လုပ်ဆောင်နေပါတယ် ” ဟု မုံရွာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။

 

မုံရွာမြို့နယ်အတွင်းရှိ စောင့်ကြည့်ရေးစခန်း(၁၄)ခုတွင် ဧပြီလ (၂)ရက်နေ့အထိ လတ်တလော ကိုဗစ်-၁၉  ရောဂါပြန့်နှံ့ ဖြစ်ပွားလျက်ရှိသော ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၄၇) ဦး၊ တရုတ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ (၂၇)ဦး၊ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၈) ဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၂၉၂)ဦး၊ ဂျပန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၂) ဦး၊ စင်ကာပူနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၅) ဦး၊ ကိုရီးယားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၂) ဦး နှင့် အခြားနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ (၃၄)ဦး စုစုပေါင်း (၄၁၇)ဦးကို စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး ဓာတ်ခွဲခန်းအဖြေ စောင့်သံသယလူနာတစ်ဦး ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)