မုံရွာ ၂၀ နို၀င်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာတို့၏ ဦးဆောင်မှုဖြင့် မုံရွာမြို့တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask Campaign) ကို ယနေ့နံနက်ပိုင်းမှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်ကို လူစည်ကားရာနေရာများဖြစ်သော မုံရွာမြို့တော်ခန်းမ(ရှေ့)၊ ချင်းတွင်းရတနာစျေးနှင့် ကျောက္ကာလမ်းမကြီးပေါ်တွင် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း၊ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးဆိုင်းဘုတ်များ ကိုင်ဆောင်၍ အသိပညာပေးခြင်းတို့ကို ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ယာဥ်ထိန်းရဲတပ်ဖွဲ့ စသည့် ဌာနဆိုင်ရာ၀န်ထမ်းများ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြသည်။
ယခုကဲသို့ (Mask Campaign) လှုပ်ရှားမှုများကို မုံရွာမြို့ပေါ်ရှိ လူစည်ကားသည့် အခြားနေရာများနှင့် ကျေးလက်ဒေသများတွင်လည်း ဆက်လက်၍ အရှိအဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မွှေးကြူဇင်