မုံရွာ ၂၄ မတ် 

 

မုံရွာမြို့တွင် COVID-19 ရောဂါကာကွယ်သည့်အနေဖြင့် Save Monywa အဖွဲ့မှ စားသောက်ကုန်နှင့် လိုအပ်သည့်ပစ္စည်းများကို အခမဲ့ အိမ်အရောက် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း Save Monywa အဖွဲ့ ဦးဆောင်သူ ဦးအောင်နေမျိုးက ပြောသည်။ 

 

ယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါ ကြေညာလိုက်သည့်အခါ ဈေးများ၊ စတိုးဆိုင်များတွင် လူအများအပြား ဈေးဝယ်နေမှုသည် ရောဂါကူးစက်မှုများ ဖြစ်စေနိုင်သည့်အတွက် ရောဂါကူးစက်မှုလျော့နည်းအောင်  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြို့တွင်း အသွားအလာပိတ်ခဲ့သည်ရှိသော်  Save Monywa အဖွဲ့ကို ဖုန်းဆက်ပြီး မိမိလိုအပ်သည့်ပစ္စည်းများကို မှာယူနိုင်ပါကြောင်း၊ ကျသင့်သည့်ငွေကို မိမိအိမ်ပစ္စည်းရောက်မှ ဘောင်ချာနှင့်တိုက်ပြီး ငွေရှင်းရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်ခပေးစရာမလိုဘဲ အခမဲ့အိမ်အရောက် လိုက်ပို့ပေးမည် ဖြစ်ကြောင်း ဦးအောင်နေမျိုးက ပြောသည်။ 

 

ယခု ဖြစ်ပေါ်နေသည့် အခြေအနေအရ Save Monywa အဖွဲ့ကနေ Volunteer လူငယ်များမှ မုံရွာမြို့တွင်း မည်သည့်နေရာက မည်သူမဆို၊ မည်သည့် လိုအပ်သည့်ပစ္စည်း (ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ ငရုတ်၊ ကြက်သွန်) စသည့် စားနက်ရိက္ခာများနှင့် ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးဝါးများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးတစ်စုံတစ်ရာ အခက်အခဲဖြစ်နေသူများ၊ လူနာများစသည့် ပြင်ပသို့ တစ်စုံတစ်ရာကြောင့် ထွက်ရန်ခက်ခဲနေသူများမှ အစားအသောက်ချင်သည့် စာသောက်ဆိုင်များမှ (ဖွင့်ခဲ့သည့်ရှိသော်) အစားအသောက်များကို လိုက်လံဝယ်ယူပြီး ဝန်ဆောင်ခပေးစရာမလိုဘဲ အခမဲ့အိမ်အရောက် လိုက်ပို့ပေးမည်ဖြစ်ကြောင်း ဦးအောင်နေမျိုးက ပြောသည်။ 

 

ဝယ်ယူမည့် ပစ္စည်းတန်ဖိုးများမှာ Save Monywa အဖွဲ့မှ နိုင်သည့်ပမာဏဖြစ်လျှင် ဆိုက်၍ ဝယ်ခြမ်းပေးပြီး လူကြီးမင်းတို့ဆီ ကျသင့်သည့်ငွေကို ပစ္စည်းရောက်မှ ဘောင်ချာနှင့်တိုက်ပြီး ရှင်းပေးရမည်ဖြစ်ကြောင်း၊ မှာယူသည့်ပစ္စည်းများ၏ တန်ဖိုးငွေပမာဏများလွန်းပြီး မိမိတို့အဖွဲ့မှ ပစ္စည်းအားလုံးကို ငွေမစိုက်နိုင်ခဲ့ပါက စိုက်နိုင်သည့်ပမာဏကို ပေးချေဝယ်ယူ၍ ဦးစွာအရင်လာပေးပြီး ကျန်ရှိပစ္စည်းများကို ဒုတိယအကြိမ် ထပ်မံဝယ်ယူ သယ်ဆောင်ပေးမည်ဖြစ်ပါကြောင်း ၎င်းက ပြောသည်။

 

Save Monywa အဖွဲ့နှင့်အတူ Volunteer လုပ်ပေးချင်သူ လူငယ်များလည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ ၀၉- ၉၅၄၈၃၄၈၂၃၊ ၀၉- ၇၈၃၅၆၅၆၇၅၊ ၀၉- ၉၇၅၂၇၄၁၄၇၊ ၀၉- ၉၆၉၈၇၉၈၅၅  ဆက်သွယ်နိုင်ကြောင်း Save Monywa အဖွဲ့ ဦးဆောင်သူ ဦးအောင်နေမျိုးက ပြောသည်။

 

မွှေးကြူဇင်