မုံရွာမြို့တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွန်(အခြေခံ) သင်တန်းဖွင့်လှစ်မည်

မုံရွာ ၂၄ ဧပြီ

 

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးနှင့် ဒေသအတွင်း ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းကို  မုံရွာမြို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အဆိုပါသင်တန်းကို မုံရွာမြို့တွင် ယခုနှစ် မေလ(၂၁)ရက်နေ့မှ  ဇွန်လ (၁၅)ရက် အထိ  ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ ဝါရင့် ဆရာကြီး၊ ဆရာမကြီးများ လာရောက်သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းကိုအောင်မြင်စွာ  ပြီးဆုံးပါက ဒေသတွင်းဧည့်လမ်းညွှန်လိုင်စင်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းတက်ရောက်ခွင့် လျှောက်ထားနိုင်သူများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမှန်တကယ် နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်) ဘွဲ့လက်မှတ်မိတ္တူ (မူရင်း) ပြသရမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဒေသတွင် အမှန်တကယ်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ(မူရင်း)၊ သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက်၊ အိမ်ထောင်စုဇယား (မူရင်း) နှင့် အခြားပညာရေးဆိုင်ရာ အထောက်အထားများပါ ပါရှိရမည့်အပြင် ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါသန်စွမ်းသူ ဖြစ်ရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားရေးဦးစီးဌာနက သိရသည်။ 

 

သင်တန်းတက်ရောက် သင်ကြားလိုသူများအနေဖြင့် လက်ရှိအချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားရေးဦးစီးဌာန၊ ကျောက္ကာလမ်း၊ ဆိုင်ကယ်ပွဲစားတန်းနှင့် ရွှေစည်တော်စားသောက်ဆိုင်အနီး၊ ရန်ကင်းရပ် မုံရွာမြို့သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဝ၇၁ -၂၁၁၅၂ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။  

 

ကိုမင်း(အင်းတော်)