မုံရွာ ၂၈ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက စုရပ်ဖြစ်သော မုံရွာ-မန္တလေးလမ်းပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှစတင်၍ ကျင်းပပြုလုပ်ရာ စုစုပေါင်းလူဦးရေ တစ်သောင်းကျော် ပါဝင်ဆင်နွဲခဲ့ ကြသည်။

လမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စည်ပင်သာယာ‌ရေးဝန်ကြီး ဉီးမြင့်ကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများ၊ အားကာသိပ္ပံမှ သင်တန်းသား သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စုစုပေါင်း အင်အား (၁၀ဝ၀ဝ)ကျော် တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကွင်းအတွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ(၁)၊ (၂) နှင့် Fitness Dance အကများကို ပျော်ရွှင်စွာစုပေါင်းပြုလုပ်ကြခဲ့ကြသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက   လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူ ပြည်သူအပေါင်းတို့အား ကောက်ညှင်းပေါင်းထုပ်များဝေငှပြီး ဗလာမပါကံစမ်းမဲများ ဖွင့်ဖောက်ပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းမျိုးစုံကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)