မုံရွာ  ၂၂   မေ

 

လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန် Mask မတပ်ဆင်သူများအား ပထမအကြိမ် ဖမ်းဆီးအရေးယူမှုများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်း မပေါ်တွင် မေ ၂၂ ရက်နေ့ နံနက်ပိုင်းက လုပ်ဆောင်ခဲ့ကြောင်း မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာမြင့် ထံမှ သိရသည်။

 

Mask မတပ်ဆင်သူများအား ပထမအကြိမ် ဖမ်းဆီးအရေးယူမှုများ မပြုလုပ်မီ မုံရွာမြို့ရှိ အဓိက လမ်းမကြီးများ၊ ဈေးများနှင့် လူသွားလူလာများသည့် နေရာများတွင် Mask Campaign များပြုလုပ်ကာအသိ ပညာပေး ဟောပြောခြင်း၊ Mask များကို အခမဲ့ဖြန့်ဝေကာ အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့တွင် ဖမ်းဆီး အရေးယူမှုများကို စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

“အခုလို Mask မတပ်ဆင်တဲ့သူတွေ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ဖို့ အခုလ (၂၀) ရက်နေ့ (၂၁) ရက်နေ့တုန်းကလည်း Mask Campaign လည်းလုပ်ပြီး Mask တွေ အခမဲ့ ဝေပြီးလည်းဖြစ်ပါတယ်၊ အသိပညာပေး ကာလပြီးဆုံးလို့ ဒီကနေ့စပြီးတော့ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေနဲ့စပြီး တရားစွဲ ဆိုဆောင်ရွက်တာ ဖြစ်ပါတယ်၊ ဒီကနေ့မှာ မြို့တော်ခန်းမရှေ့မှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်၊ နောက်ရက် တွေမှာတော့ လူစည်ကားတဲ့နေရာတွေမှာ တစ်ရက်ကိုတစ်နေရာမှာ ရွေ့လျားစနစ်နဲ့ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်၊ အဲဒိလို စစ်ဆေးနေတဲ့နေရာမှာ Mask မတပ်ဆင် ထားဘူးဆိုရင် ဖမ်းဆီးပြီး မြို့နယ်တရားရုံးမှာ တရားလိုဖြစ်တဲ့ မြို့နယ်ကျန်းမာရေးအရာရှိက စောင့်ပြီး တရားစွဲဆိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု  မုံရွာမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာမြင့်က ပြောသည်။

 

Mask မတပ်ဆင်သူများ ပထမအကြိမ် ဖမ်းဆီးအရေးမှု အနေဖြင့် ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ် လမ်းမပေါ်တွင် တပ်ဆင်မှုမရှိဘဲ သွားလာသူ(၅၀)ဦးကို ပါးစပ်/ နှာခေါင်းစည်း Mask တပ်ဆင်ရန်ပျက်ကွက်သဖြင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၁၅ အရ တစ်ဦးလျှင် ဒဏ်ငွေ (၃၀၀၀)ကျပ်ကို မြို့နယ် တရားရုံးမှချမှတ်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)