မုံရွာ ၂၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းရုံး (စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန)သင်တန်းခန်းမတွင် ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီက ရေစုဆောင်းခြင်းနှင့် ရေချွေတာသုံးစွဲခြင်းနည်းပညာ (Water Harvesting and Water Saving Technology) သင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်၊ ရွှေဘို၊ စစ်ကိုင်းခရိုင်တို့မှ ခရိုင် ဦးစီးမှူး (၃)ဦး၊ ခရိုင်အဆင့် မြေ၊ မျိုး၊ ပိုးတာဝန်ခံ (၆)ဦး၊ မြို့နယ်ဦးစီးမှူး (၈)ဦး၊ ဒုတိယဦးစီးမှူး (၂၅)ဦး၊ စိုက်ပျိုးရေး နည်းပညာပေးစခန်းတာဝန်ခံ (၂၄)ဦး စုစုပေါင်း (၆၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ရာသီဥတုပြောင်းလဲမှုကြောင့် အခုအချိန်မှာ စိုက်ပျိုးရေကို အကျိုးရှိရှိအသုံးချဖို့ လိုအပ်နေပြီ ဖြစ်တယ်။ ရွာသွန်းတဲ့မိုးရေတွေကို စနစ်တကျ သိုလှောင်ထားဖို့လိုသလို၊ စိုက်ခင်းကနေကျလာတဲ့ ရေပိုရေလျှံတွေကိုလည်း စနစ်တကျသိုလှောင်ထားဖို့၊ သိုလှောင်ထားတဲ့ရေတွေကိုလည်း စိုက်ခင်းထဲကို အလေအလွင့်မရှိ အကျိုးရှိရှိ အသုံးချဖို့လိုအပ်လာတယ်။ အဲဒီအတွက် သုတေသနကဏ္ဍအနေနဲ့ရော၊ အတွေ့အကြုံတွေကို အခြေခံပြီး တောင်သူနယ်ပယ်အထိ ရောက်အောင် စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာ အနေနဲ့ လာရောက်ပို့ချရခြင်း ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန (သုတေသန)မှ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာခင်မာဌေးက ပြောသည်။
သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြောင်းလဲလာသည့် ရာသီဥတုနဲ့ လိုက်လျော ညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေးနည်းစနစ်များ ရေအသုံးချစိုက်ပျိုးမှု ပုံစံပြောင်းလဲလာများကို စိုက်ပျိုးရေးဝန်ထမ်း များ သိရှိပြီး တောင်သူများလက်ဝယ်အရောက် နည်းပညာများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုသင်တန်းကနေ မိုးရေတွေကိုလည်း အလေ့အလွင့်မဖြစ်အောင် စုဆောင်းတဲ့ ရေတွင်းရေကန်၊ မြောင်ပိတ်၊ ချောင်းပိတ်စနစ်တွေကို ဆောင်ရွက်တဲ့နည်းလမ်းတွေကို ရရှိမှာဖြစ်ပါတယ်၊ ရာသီဥတုပြောင်းလဲ လာတာနဲ့အညီ သီးနှံတွေမျိုးပြောင်းလဲလာမယ်၊ နည်းစနစ်တွေပြောင်းလဲလာမယ်၊ ဒါတွေကို အမြဲတမ်း စောင့်ကြည့်ပြီး ခေတ်မီလာအောင်လေ့လာရမယ်၊ တောင်သူတွေကိုလည်း နည်းပညာအသိတွေ လက်တွေ့ အသုံးချ နိုင်အောင်ဖြန့်ဝေပေးဖို့ဆောင်ရွက်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းခဲ့သဖြင့် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးသော နွေစပါး သီးနှံများစိုက်ပျိုးနိုင်ခြင်းမရှိပဲ ရေလိုအပ်ချက်နည်းသည့် အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးခဲ့ရာ ယခုသင်တန်းမှ စိုက်ပျိုးရေစုဆောင်းနိုင်မည့် နည်းလမ်းများနှင့် စနစ်တကျသုံးစွဲနိုင်မည့် နည်းလမ်းကောင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


