မုံရွာ ၂၁ နိုဝင်ဘာ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အဓိကလမ်း(၂၁)လမ်းတွင် နိုင်လွန် ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
မုံရွာမြို့အား အခြားမြို့ကြီးများနည်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်းလမ်း (၂၁) လမ်းအား နိုင်လွန်ကတ္တရာ လမ်းများအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
“ တိုင်းဒေသကြီး အစိုးရရဲ့ ပိုလျှံရန်ပုံငွေနဲ့ နိုင်လွန်ကတ္တရာ စက်တစ်ခုကိုဝယ်ယူပြီး ကွေ့ကြီးရပ်ကွက် ထဲမှာ နိုင်လွန်ကတ္တရာဖျော်တဲ့ စက်ရုံတစ်ခုကို ဆောက်လုပ်ပြီး ဖြစ်ပါတယ်၊ အဲဒိအတွက်လိုအပ်တဲ့ ပစ္စည်းတွေ ကတ္တရာ၊ လမ်းကြိတ်စက်တွေ၊ ဝှီးရိုလာတွေ၊ ကတ္တရာသယ်မဲ့ ကားတွေကို စုဆောင်းထားရှိပြီး ဖြစ်ပါတယ်၊ နိုင်လွန် ကတ္တရာကို လမ်း(၂၁)လမ်းကို ခင်းသွားမှာဖြစ်တဲ့အတက် နိုင်လွန်ကတ္တရာ ခင်းမဲ့လမ်းတွေကို တိုင်းတာတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေပါပြီ ” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။
မုံရွာမြို့တွင် မြို့ပေါ်ရပ်ကွက်(၃၁)ခုတွင် စုစုပေါင်းလမ်းအရှည်(၄၁၄)မိုင်ရှိသည့်အနက် လမ်းမိုင် (၂၀ဝ) ကျော်ကို ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသော လမ်းမိုင်အရှည် (၁၉၀)ကျော်အားလည်း လာမည့်(၇)နှစ်တာကာလအတွင်း လမ်းအားလုံးကို အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရေး စီမံချက်ရေးဆွဲလုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


