မုံရွာ ၂၉ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာ ကော်မတီ တို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ ကာယ ဗလမောင်နှင့် ကာယကြံ့ခိုင်မှု မောင်မယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် (၂၁)နှစ်အောက် ကာယဗလမောင်ပြိုင်ပွဲ၊ 60 ကီလိုတန်း အလွတ်တန်း ကာယဗလ မောင်ပြိုင်ပွဲ ၊ 70 ကီလိုတန်း အလွတ်တန်း ကာယဗလမောင်ပြိုင်ပွဲ ၊ 80 ကီလိုတန်းနှင့်အထက် အလွတ်တန်း ကာယဗလမောင်ပြိုင်ပွဲများနှင့် အမျိုးသား Sport Physique ၊ Athletic Physique ၊ Fitness Physique ၊ အမျိုးသမီး Modern Physique ၊ Athletic Physique ၊ Fitness Physique တို့ကို ကျင်းပ ခဲ့ပြီး ကာယဗလမောင်ပြိုင်ပွဲများတွင် စိတ်ကြိုက် ကိုယ်ဟန် (၁)မိနစ်၊ သတ်မှတ်ကိုယ်ဟန် (၇)မျိုးနှင့် စုပေါင်းကိုယ်ဟန်များ၊ ကာယကြံ့ခိုင်မယ်ပြိုင်ပွဲ စိတ်ကြိုက် ကိုယ်ဟန် (၃)မျိုး၊ သတ်မှတ် ကိုယ်ဟန်(၄)မျိုး တို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအလိုက် အမှတ်တရဂုဏ်ပြုဆု၊ နှစ်သိမ့်ဆု၊ တတိယဆု၊ ဒုတိယဆု၊ ပထမဆု ရရှိသူများနှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ဒိုင်းဆု ရရှိသော ကလေးမြို့နယ်မောင်မယ်များအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ဇနီး ဒေါ်ချူးချူး(ခ)ဒေါ်တင့်တင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊တိုင်း၊ ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ တိုင်းဒေသကြီးအဆင့် လက်ရွေးစင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မယ်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပြီး ထူးချွန်ဆုရ မောင်မယ် များကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


