မုံရွာ ၁၉ မတ်
မုံရွာတက္ကသိုလ်ခြေလျင်တောင်တက်အသင်းသည် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ဒုတိယနှစ်ဝက်ကာလ အတွင်း မန္တလေးတိုင်းဒေသကြီး ကူမဲမြို့နယ်အရှေ့ဘက်ခြမ်းရှိ အမြင့်ပေ (၃၇ဝဝ)ကျော်ရှိ ပြက္ခရွေ့တောင်သို့ တက်ရောက် လေ့လာရန် စီစဉ်လျက်ရှိကြောင်း မုံရွာတက္ကသိုလ်ခြေလျင်တောင်တက်အသင်းဥက္ကဌ ဒေါက်တာ ဇော်မြင့်နီ(ပါမောက္ခဌာနမှူး၊ ဘူမိဗေဒဌာန)၏ ပြောကြားချက်အရ သိရသည်။
'' မုံရွာတက္ကသိုလ် ခြေလျင်တောင်တက်အသင်းအနေနဲ့ အခုတက်ဖို့ စီစဉ်နေတဲ့ ပြက္ခရွေ့တောင်ကို ပထမဆုံးအကြိမ် တက်ရောက်မှာဖြစ်တယ်၊ ဘူမိဗေဒလေ့လာရေးအတွက်ကော၊ ရုက္ခဗေဒ၊ ပထဝီဘာသာရပ် တွေကို သင်ကြားလေ့လာနေတဲ့ ကျောင်းသား/သူတွေအတွက် အများကြီးအထောက်အကူဖြစ်စေမယ်'' ဟု မုံရွာ တက္ကသိုလ်ခြေလျင်တောင်တက်အသင်းဥက္ကဌ ဒေါက်တာ ဇော်မြင့်နီ(ပါမောက္ခဌာနမှူး၊ ဘူမိဗေဒဌာန)က ပြောသည်။
ပြက္ခရွေ့တောင်သည် မန္တလေးတိုင်းဒေသကြီး ကူမဲမြို့နယ်အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ တောင်မြောက်အလယ်ဗဟိုမှတ်တိုင်ရှိသော တောင်တစ်ခုဖြစ်ပြီး အထင်ကရအနေဖြင့် အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် စွယ်တော်စေတီကြီး တည်ရှိရာ တောင်တစ်ခုဖြစ်ကြောင်း၊ အပူပိုင်းဒေသများတွင် ပေါက်ရောက် မှုများသည့် သန်းနှင့်ဒဟတ်တောများ အများဆုံးပေါက်ရောက်သည့် တောင်တစ်ခုဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


