မိုး​ကေနိုင် 

ကြေကွဲဖွယ်ရာ နာဂစ်အလွန် ၁၂ နှစ်အကြာ ဆူနာမီထက်ပင် ဆိုးရွားခဲ့‌သော ၁၄၅ မိုင်နှုန်း နာဂစ် ကဲ့သို့ပင် အလွန့်အလွန်အားကောင်းသော တစ်နာရီ ၁၃၇ မိုင်နှုန်း မိုခါ ဆိုင်ကလုန်းဒဏ်ကို မြန်မာပြည်သူ တို့ ရှောင်လွှဲမရ ရင်ဆိုင်ကြုံခဲ့ရပြန်ပါပြီ။ ကြိုတင် မြော်တွေး၊ ကြိုတင်ပြင်ဆင်၊ အလျင်မြန်ဆုံးတုံ့ပြန်မှု များက အနည်းဆုံးသောထိခိုက်မှုကိုသာ ဖြစ်စေခဲ့ သည်ဟု ဆိုရမည်။  ယခုအခါမူ ပြည်တွင်းအင်အား၊ ပြည့်အင်အားဖြင့် မူလအခြေအနေထက် ပိုကောင်း လာမည့်   ယုံကြည်ချက်၊   မျှော်လင့်ချက်များကား ပြန်လည်နိုးထလာပေပြီ။

မလွဲမသွေကြုံရသည့် ထိခိုက်မှုနှင့် နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်သာရှိ

လယ်ယာစိုက်ပျိုး၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းရာ        ရခိုင်ကမ်းရိုးတန်း တစ်လျှောက် စစ်တွေမြို့ကြီးကား မိုခါဆိုင်ကလုန်း၏ ဗဟိုချက်မဖြစ်ခဲ့သည်။ မိုခါကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊  ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး တိုင်းဒေသကြီးများနှင့် နေပြည်တော်ကောင်စီနယ်မြေ အချို့ မုန်တိုင်းဒဏ်သင့်ခဲ့ရသည်။  မုန်တိုင်းကြောင့်  လူနေအိမ်များ၊    ဌာနဆိုင်ရာအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ ဘုန်းကြီးကျောင်း များ၊   စာသင်ကျောင်းများ၊   ဆေးရုံဆေးခန်းများ၊  ဆက်သွယ်ရေးတာဝါတိုင်များ၊   လမ်းတံတားများ၊ လမ်းမီးတိုင်နှင့်   ထရန်စ‌ဖော်မာများ၊    ဈေးများ၊ အားကစားကွင်းများ    အတိုင်းအတာတစ်ခုအထိ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

လယ်ယာစိုက်ခင်းများ၊ ဆားကွင်းများ  ပျက်စီးခဲ့ရသည်။  စာရင်းများအရ တစ်နိုင်ငံလုံး အရေအတွက်အားဖြင့်  လူနေအိမ် ပေါင်း  တစ်သိန်းကျော်၊  ရပ်ကွက်၊  ကျေးရွာပေါင်း တစ်ထောင်ကျော်၊ ဘာသာရေး၊ ကျောင်း၊ ဆေးခန်း၊ ဌာနဆိုင်ရာအဆောက်အအုံပေါင်း ထောင်ဂဏန်းမျှ ပျက်စီးဆုံးရှုံးခဲ့ရမည်ဟု ခန့်မှန်းမိသည်။ မုန်တိုင်း ဒီရေများကြောင့် လမ်းများသည် မြစ်များ၊ ချောင်း များ    ဖြစ်သွားခဲ့ရသည်။    လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။     လယ်သမား၊  ယာသမားများ   တန်ဖိုးထားရသည့်   နွားအပါအဝင် တိရစ္ဆာန်များ     ဆုံးရှုံးကြရသည်။     လူများလည်း ဒုက္ခသည်များအဖြစ် ယာယီသဘာဝဘေးခိုလှုံရာ စခန်းများ၊ ဘေးလွတ်ရာများတွင် ရွှေ့ပြောင်းနေထိုင် ကြရ၍   အနေအစားပျက်၊  လုပ်ငန်းများပျက်ရ၊ စာသင်ပျက်ရ၊ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲ၊ ဆက်သွယ်ရေးပြတ်တောက်၊ လျှပ်စစ်မီးမရ၍ ယာယီအခက်အခဲများ တွေ့ကြုံကြရသည်မှာ ဓမ္မတာပင်။      မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများကလည်း   ကြိုဆိုမည်မှာမလွဲ။ များသောအားဖြင့် နောက်ဆက်တွဲပါလာသည်က ကူးစက်ရောဂါများပင်။ ရေ၊ အစားအစာ၊ အိမ်သာမသန့်ရှင်းမှုများကြောင့်ဖြစ်ရသည့် ဝမ်းပျက်ဝမ်းလျှော​ ရောဂါ၊ တစ်ကိုယ်‌ရေသန့်ရှင်းရေး၊ အရေပြားရောဂါ နှင့်  ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါများ၊  စိတ်ထိခိုက်မှုပြဿနာများပင်ဖြစ် သည်။ ထို့အတွက် နယ်ခံကျန်းမာရေးဝန်ထမ်းများ အပြင်    တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားသည့်   အထူးဆေးကုသအဖွဲ့များ ဖြင့်လည်း  ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး၊ ပညာ ပေးခြင်းနှင့် ဆေးကုသမှုလုပ်ငန်းများသည် ပြန်လည် ထူထောင်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် ပြည်သူ လူထုကို ရက်တာရှည် ကျန်းမာရေးစောင့်ရှောက်ပေး ရမည့်အနေအထားတွင်ရှိသည်။      ယင်းသည်ပင် သဘာဝဘေးဒဏ်သင့်အခြေအနေတိုင်းတွင်  မလွဲ မသွေ အနည်းနှင့်အများ တွေ့ကြုံရသည့် ဒုက္ခဆင်းရဲ များသာဖြစ်၍ အားလုံးရင်ဆိုင်ကြရသည်သာ။ သဘာဝဘေးအန္တရာယ်ဟူသည်ကား ကြုံရတော့ မည်ဆိုသည်ကို   သိသည်နှင့်   ကိုယ့်ဆီတိုက်ရိုက် ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ အနည်း နှင့်အများ  အားလုံးမှာ  စိတ်မသက်မသာဖြစ်ကြ၊   ပူပန်သောကဖြစ်ကြရသည်။ တိုက်ရိုက်ထိခိုက်သည့် သူများက   ကိုယ့်ကိုယ်ကိုယ်  လမ်းစပျောက်သလို၊ တစ်ခုခုဆုံးရှုံးသွားသလို ခံစားကြရသည်ဟု ဆိုသည်။

 အဆိုးဆုံးမှာ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းခြင်းပင်ဖြစ်၍ မကောင်းသည့်ဖိအားပေါင်းစုံ ကို  ရင်ဆိုင်ဖြေရှင်းရန်သာရှိ‌ပါတော့သည်။  နာဂစ် ဆိုင်ကလုန်းမွှေစဉ်က လူပေါင်း ၁၃၈၀၀၀ ကျော်ခန့် အသက်ဆုံးပါးခဲ့ရပြီး အိမ်ရာအဆောက်အအုံပေါင်း  ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကား ၁၁ ဒသမ ၈ ထရီလီယံအထိ   ရှိခဲ့သည်ဟု   သိရသည်။   ယခု    မိုခါတွင်မူ    လူ့အသက်ဆုံးရှုံးမှု ရာဂဏန်းသာ တိတိကျကျဆိုလျှင် ယခုစာရေးသား ချိန်အထိ ၁၄၅ ဦးသာ ရှိသည်။  နာဂစ်နှင့် မိုခါ  နှစ်ခု အကြား  လူ၊  ပစ္စည်း၊  ‌ငွေကြေးဆုံးရှုံးမှု  များစွာ ကွာခြားလွန်းပါသည်။ ဤသည်မှာ ကြိုတင်ပြင်ဆင် မှု၊  ကြိုတင်မြော်တွေးမှု အားကောင်းခြင်း၏ အမှတ် အသားပင်ဖြစ်သည်။ သဘာဝဘေးဒဏ်ဟူသည် မမျှော်လင့်ဘဲ ရောက်လာနိုင်သည့်နည်းတူ မျှော်လင့် ထားသည့်အချိန်တွင်   မျှော်လင့်သလို    ရောက်လာ တတ်သည့်အတွက်   ဝင်ရောက်လာပါက   အပျက် အစီးနည်း၊  ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန် ထိထိ မိမိ ကြိုတင်စီမံပြင်ဆင်ထားကြရသည်။ 

ထိခိုက်မှုသက်သာခဲ့သည့် အားကောင်းသောကြိုတင်ပြင်ဆင်မှုများ
မုန်တိုင်းမဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်ပြီးလည်းကောင်း၊ဒုတိယဥက္ကဋ္ဌ ဦးဆောင်ပြီးလည်းကောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး  မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ပြန်လည် ထူထောင်ရေးအစည်းအဝေးများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ ဒေသဌာန အလိုက် အားလုံးပူးပေါင်း၍ သဘာဝဘေးကြိုတင် ညှိနှိုင်းအစည်းအဝေးများ  အကြိမ်ကြိမ်ပြုလုပ်၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကြပ်မတ်အားပေး ထောက်ပံ့မှုများပြုခဲ့ကြသည်။ မုန်တိုင်းမဝင်ရောက်မီ ငါးရက်ခန့်ကတည်းက မုန်တိုင်းသတိပေးချက်များကို  အခါမလပ်  အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန် ပေးနေခဲ့ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများလည်း ပြုလုပ် ခဲ့ကြသည်။  အရန်ဆန်၊  စားရေရိက္ခာနှင့်  စက်သုံး ဆီ၊  လူသုံးကုန်ပစ္စည်း၊  ဆောက်လုပ်ရေးပစ္စည်း၊ အိမ်မိုးသွပ်၊  သစ်များအပါအဝင်  အထောက်အပံ့ ပစ္စည်းများ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ကြိုတင်သိုလှောင်ထားရပြီး တပ်မတော်ယာဉ်တန်း များဖြင့်  ကယ်ဆယ်ရေးပစ္စည်းများကို   အချိန်မီ ကြိုတင်ပို့ဆောင်ထားရသည်များလည်း ရှိခဲ့သည်။ ယာဉ်တင်အသင့်၊ လူ၊ ပစ္စည်း ကြိုတင်စုဖွဲ့ထုပ်ပိုး ထားရသည်။   ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များ၊ သက်ကြီးဘိုးဘွားများ၊  အမျိုးသမီး၊ ကလေးသူငယ်၊  မသန်စွမ်းသူများကို   ဦးစားပေး ကယ်ဆယ်ရန်ပြင်ဆင်ထားပြီးဖြစ်သည်။   ဒေသခံပြည်သူ ခြောက်သိန်းကျော်ကို တပ်မတော်မော်တော် ယာဉ်များ၊ လေယာဉ်၊ ရေယာဉ်များဖြင့် မုန်တိုင်း ဘေးလွတ်ရာဆီ ကြိုတင်ပို့ဆောင်ထားနိုင်၍လည်း လူ့အသက်ပေါင်းများစွာ သက်သာရာရရှိသွားခဲ့သည် ဟု ဆိုရပေမည်။ နိုင်ငံနှင့် ပြည်သူက လိုအပ်လာလျှင် အမြဲအသင့်ရှိနေကြရသော တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များကား သဘာဝဘေး ဒဏ်ကိုရင်ဆိုင်ရန် မဖြစ်ခင်ကတည်းက ကြိုတင်၍ လူ၊ ပစ္စည်း၊ ရိက္ခာ၊ ဆေးဝါးများဖြင့် ပြင်ဆင်စုဖွဲ့  လေ့ကျင့်ပြင်ဆင်ထားရသူများဖြစ်သည်။  

အရေးပေါ်ထောက်ပံ့အလှူဒါနများဖြင့် ချက်ချင်းတုံ့ပြန်နိုင်မှုဆိုသည်မှာ

မုန်တိုင်းတိုက်ခတ်ပြီးပြီးချင်းပင် ဆရာတော်ကြီး များအပါအဝင် သက်ဆိုင်ရာအကြီးအကဲများ၏ မုန်တိုင်း ဒဏ်သင့်ပြည်သူများအပေါ် အားပေးစကားများ၊ သီတဂူ ဆရာတော်ကြီးနှင့်  ဓမ္မဓူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ဆရာတော်ကြီးနှစ်ပါး၏  လှူဒါန်း ထောက်ပံ့ပစ္စည်းများ၊ လှူဒါန်းထောက်ပံ့ငွေများကား လူမျိုးဘာသာမခွဲခြား  လိုအပ်ရာဆီသို့   ချက်ချင်း ရောက်ရှိသွားခဲ့သည်။    နိုင်ငံအကြီးအကဲကိုယ်တိုင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်     စစ်တွေ မြို့နှင့် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေများဆီ ချက်ချင်းဆိုသလို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများကို    လမ်းညွှန်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်မှာ    များစွာအားရဝမ်းမြောက် ဖွယ်ရာဖြစ်သည်။  နိုင်ငံအကြီးအကဲ၏  မှတ်မှတ်ရရ မှာကြားချက်တွင် မုန်တိုင်းမဖြစ်ခင်က အခြေ အနေထက် ပိုမိုသာလွန်အောင် ဆောင်ရွက်ပေးရ မည်ဟူသောစကားက  ဒုက္ခရောက်၍    စိတ်ဓာတ်ကျ အားငယ်နေသူများအတွက် အားတက်စရာ ခွန်အား တစ်ခုဖြစ်ခဲ့သည်။

နှုတ်စကားအပေါ်    ထပ်ဆင့်လက်တွေ့ကျသည့် အချက်က များပြားလှသော အများပြည်သူတို့၏လှူဒါန်းငွေပမာဏဖြင့်  အားတက်သရောတုံ့ပြန် မှုပင်ဖြစ်သည်။ သက်ဆိုင်ရာများသို့ တပ်မတော် (ကြည်း‌၊ ရေ၊ လေ)မိသားစုများနှင့် အဖွဲ့အစည်းများမှ ရဟန်းရှင်လူစေတနာရှင်ပြည်သူများ     ကနဦး လှူဒါန်းလိုက်သည့်   အလှူငွေစုစုပေါင်းသည်ပင် ကျပ်သိန်းပေါင်း ၁၃၁၈၁၀ (ငွေကျပ် ၁၃ ဘီလီယံ) အထိ ရှိခဲ့သည်။ လှူဒါန်းမှုအစုစုများအနက် အမြန် ဆုံးနှင့် အများဆုံး သမိုင်းဝင်လှူဒါန်းမှုဖြစ်ခဲ့သည် ကို သတိထားမိသည်။

ချက်ချင်းကယ်ဆယ်၊ အမြန်ဆုံးပြင်ဆင်၊ စုစည်းအားဖြင့်ပြန်လည်ထူထောင်  
အပျက်အစီးများကို အမြန်ဆုံးပြန်လည်ပြင်ဆင် ဆယ်တင်ပြီး ပြန်လည်ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်   သက်ဆိုင်ရာများက ချက်ချင်းစစ်‌ဆေး  အစည်းအဝေးလုပ်၊ အမြန်ဆုံး အကောင်အထည်ဖော်၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးများ မနှေးအမြန်ဆောင်ရွက်ကြခြင်း ဖြင့် လျင်လျင်မြန်မြန် တုံ့ပြန်‌နေကြသည်ကို တွေ့ရ သည်။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)ကလည်း မိမိတို့၏ အရေးပေါ်စုစည်းတုံ့ပြန်နိုင်စွမ်း အရင်းအမြစ်အားကိုအသုံးချလျက် ဘေးဒဏ်သင့်ပြည်သူများဆီအရောက် စားရေရိက္ခာ၊ ရေသန့်နှင့်    အဝတ်အထည်များ၊ တစ်ကိုယ်ရေအသုံးအဆောင်များ၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ မိုးကာတဲများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊  ဆက်သွယ်ရေးပစ္စည်းများ၊  ထောက်ပံ့ ရေးပစ္စည်းများ  မပြတ်ပို့ဆောင်ကူညီပေးလျက်ရှိသည်။ ဆက်သွယ်ရေးမိုဘိုင်းကား၊ အသေးစားခွဲစိတ် ခန်းပါသည့် မိုဘိုင်းဆေးရုံ၊ မီးစက်၊ ရေသန့်စင် စက်များ၊  ရေသယ်ယာဉ်များ၊  ယာဉ်ယန္တရားများ၊ အစားအသောက်စသည်ဖြင့် ကဏ္ဍအစုံ အကုန်ပါ အောင် တပ်မတော်စစ်ရေယာဉ်ကြီးများ၊ ကမ်းထိုး ရေယာဉ်များဖြင့် ဘေးဒဏ်သင့်ဒေသများဆီ အမြန်ဆုံး‌ရောက်ရှိအောင် သယ်ယူပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရသည်။      ထိုလုပ်ငန်းများတွင် တပ်မတော်နှင့်လက်တွဲ၍ တစ်တပ်တစ်အား ပါဝင် ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းပကားကို လည်း တွေ့မြင်ရသည်။  သူတို့ကား   တပ်မတော်နှင့် လက်တွဲ၍ လမ်းပန်းဆက်သွယ်ရေးနှင့် မိုးထဲလေထဲတွင် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ကြရသည်။ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသောသစ်ပင်ကြီး များ၊ သစ်ကိုင်းများ၊ ပိတ်ဆို့အတားအဆီးများ၊ ပြိုကျ ပျက်စီး ခေါင်မိုးလန်နေသော အဆောက်အအုံများနှင့်  အတားအဆီးများစွာကို ဖယ်ရှားရှင်းလင်းရသည်။ နေအိမ်များကိုပြန်လည်ပြုပြင်၊ အိမ်မိုးသွပ်များဝေငှ လဲလှယ်ခြင်းများ ဆောင်ရွက်ပေးရသည်။

ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း များက ဘိုးဘွားရိပ်သာများ၊ ဆေးရုံများကို သန့်ရှင်းရေး ဆောင်ရွက်ပေးကြသည်။ ကယ်ဆယ်ရေးပစ္စည်းများ  ဖြန့်ဝေကြရသည်။ မီးသတ်၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊  လျှပ်စစ်  စသည့်သက်ဆိုင်ရာကဏ္ဍအလိုက်   နိုင်ငံ့ဝန်ထမ်းများ၏   အင်နှင့်အားနှင့် ဘေးဒဏ်သင့် ဒေသများဆီအရောက်သွား၍  တစ်ရက်တစ်ပတ် တည်းလည်းမဟုတ်၊ နေ့စဉ်၊ လစဉ် များစွာအပင်ပန်း ခံ၍ လုပ်ကြကိုင်ကြရသော ပြန်လည်ထူထောင်‌ရေး လုပ်ငန်းများအပေါ် လေးစားဂုဏ်ယူရပါသည်။

ဆက်သွယ်ရေးလိုင်းများ တာရှည်မပြတ်တောက်အောင် ကြိုးစားပြင်ဆင်ကြရသည်။    ဓာတ်တိုင်များမှာယူ၊     ပြန်ထူ၍    အမြန်ဆုံးမီးပေးနိုင်ရန်ဆောင်ရွက်ကြရသည်။ မီးပြတ်၍မရသည့်ဆေးရုံများ အတွက်  မီးစက်ကြီးများဖြင့်  မီးပေးနေရသည်။ ပျက်စီးသွားသောဆေးရုံများကို အမြန်ပြုပြင်ပေးရ သည်။ လေယာဉ်ခရီးစဉ်များ မပြတ်စီစဉ်ပေးခြင်းဖြင့် သယ်ယူပို့ဆောင်ရေး အဆက်မပြတ်အောင်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။     အများပြည်သူ အများဆုံးသုံးလမ်း၊ တံတားများကိုလည်း ဦးစားပေး ပြန်လည်ပြင်ဆင်နေကြရသည်။   စိုက်ပြီးနွေစပါး ရိက္ခာများမထိခိုက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေး ရသည်။ သံဃာတော်၊ သီလရှင်များအတွက်လည်း ဆွမ်းဆန်‌တော်မပြတ်စေရန်၊  မလစ်ဟင်းရန် စီမံရ သည်။ လူထုအတွက် ထမင်းထုပ်များ၊ သောက်သုံး ရေများ၊  ထောက်ပံ့ငွေများ ထောက်ပံ့ဝေငှကြရသည်။ အချို့ဒေသများတွင် သဘာဝဘေးနှင့်အတူ ရပ်ရွာ သာရေး၊ နာရေး၊ လူမှုရေးလုပ်ငန်းများကို ကြိုတင် ဖွဲ့စည်းစုစည်းထားသော ပရဟိတကွန်ရက်များ၏ အားကိုယူ၍ လျင်လျင်မြန်မြန်၊  ထိထိရောက်ရောက်၊ စည်းစည်းလုံးလုံး ဆောင်ရွက်နေကြသည်ကိုလည်း သတိထားမိသည်။   

ဒုက္ခရောက်သူအပေါ် ပြည်တွင်းပြည်ပ စာနာအလေးထားသူများ

ဒုက္ခရောက်သူ မိမိတစ်ဦးတည်းကား မဟုတ်ပါ။ မိမိပတ်ဝန်းကျင်သည်ပင်    မိမိအတွက်  ခွန်အား တစ်ခုဖြစ်သည်ကို   ဘယ်တော့မှမမေ့ပါနှင့်။   မိမိ ခံစားချက်ကို အလေးထားစာနာသူ ကိုယ့်ပတ်ဝန်း ကျင်တွင်  များစွာရှိသည်။   ဘေးဒဏ်သင့်ပြည်သူ များအတွက် အလှူငွေများ၊ ပစ္စည်းများ လှူဒါန်းနိုင် ရန် နိုင်ငံတော်က ဆက်တိုက်နှိုးဆော်လျက်ရှိပြီး တပ်မ​တော်အပါအဝင် အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ အများပြည်သူစေတနာအလှူရှင်များ၏ သဒ္ဓါတရားအပြည့်ဖြင့် ရက်ရက်ရောရောလှူဒါန်းမှု များကို           နေ့စဉ်ရက်ဆက်တွေ့မြင်နေရသည်။ 

ပြည်ပမှဆိုလျှင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက  အ‌စောဆုံးလှူဒါန်းခဲ့သော  အလှူငွေနှင့် အသင့်စားရိက္ခာထုပ်များလှူဒါန်းမှုအပေါ် သာဓု ခေါ်မိသည်။ ပြည်တွင်းအင်အားသာမက ပြည်ပ အင်အားနှင့် ပြင်ပအကူအညီများကလည်း မိတ်ဆွေ ကောင်းပီသပုံများကို ပြသနေပြန်သည်။ ယခုဖြစ်စဉ် ကြီးမှာ မိတ်ဆွေ အိန္ဒိယရေတပ်​ရေယာဉ်လေးစင်းဖြင့်  တန်ချိန်သန်း‌ပေါင်းများစွာသော ကူညီကယ်ဆယ် ရေးပစ္စည်းများ ရောက်ရှိလာသည့်အတွက် လည်း ကောင်း၊ တရုတ်ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက ဆေးဝါးနှင့် စားသောက် ကုန်များအပါအဝင်  တရုတ်ယွမ်ငွေ တစ်သိန်းခန့် လှူဒါန်းခဲ့သည့်အတွက်လည်းကောင်း  ထိုအရေးပေါ် အကူအညီများသည်    မုန်တိုင်းဒဏ်သင့်မြန်မာ ပြည်သူများအတွက်   ခွန်အားများဖြစ်စေသလို အဝေးမှအလှူရှင်များ၏    တကယ့်စိတ်ကောင်း စေတနာများကို    လေးစားတန်ဖိုးထားမိပါသည်။

ရုပ်ရှင်၊  ဂီတ၊  အနုပညာရှင်များကလည်း   ပျက်စီး ဆုံးရှုံးမှုများ​ကြောင့်         စိတ်ဒုက္ခရောက်နေသည့် ညီအစ်ကို၊ မောင်နှမ ရခိုင်သွေးချင်းများဆီ စိတ်ဓာတ် ရေးရာအရ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေး ကြပြီး  ထောက်ပံ့ပစ္စည်းများအား   လက်ဝယ် အရောက်လှူဒါန်းကြသည်မှာ ပြည်သူကို အလုပ် အကျွေးပြုခြင်းတစ်မျိုးပင်ဖြစ်သည်။ သူတို့ကား ဘေးဒုက္ခကြုံတိုင်း၊   ဒုက္ခရောက်သည့်အချိန်တိုင်း တွင် ဒုက္ခခံစားနေရသူများထံ အရောက်သွားခဲ့ကြ သည့် အစဉ်အလာကြီးခဲ့သူများဖြစ်သည်။ ထိုပုံရိပ် များကား  အများသူငါဝမ်းမြောက်ရာ   လေးစားဖွယ် ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါ‌တော့သည်။

လူမျိုး၊ ဘာသာ၊ ကာလာ ဘာမှမခွဲခြားပါ

အင်အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းအမျိုးအစားဖြစ်၍   ထိုက်သင့်သော အပျက်အစီးဆုံးရှုံးမှုများကား    ရှိနေမည်သာဖြစ် သည်။ မုန်တိုင်းမဖြစ်အောင် ကြိုတင်မကာကွယ် နိုင်သော်ငြား ထိခိုက်ပျက်စီးမှု၊ ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင်  ကြိုတင်ပြင်ဆင်စီမံထားသည်ဖြစ်၍ ပျက်စီးဆုံးရှုံးနိုင်မည့်    ခန့်မှန်းပမာဏထက်နည်းပါး သည်ကို တွေ့ရသည်။ မုန်တိုင်းမဝင်မီ​ရော  ဝင်ပြီး ကာလမှာပါ ဘေးဒဏ်သင့်မည်သူကိုမဆို ကိုယ့်သွေး ချင်းသားချင်းပမာ   လူမျိုး၊   ဘာသာ၊   ကာလာမခွဲ လူသားချင်းစာနာစိတ်ထားအပြည့်ထား၍   ကူညီလျက်၊ ကယ်ဆယ်လျက်၊ ထောက်ပံ့လျက်ပင်ဖြစ်သည်။  ကယ်ဆယ်ရေး၊   ပြန်လည်ထူထောင်ရေးဟူသည် အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရသည်ဖြစ်၍ အားလုံးပူးပေါင်းပါဝင်မှုက အရေးကြီးဆုံးဖြစ်သည်။ ကယ်ဆယ်သူ၊      ကူညီထောက်ပံ့သူဘက်က အားထည့်ပါဝင်သည့်နည်းတူ      ဘေးဒဏ်သင့် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်လိုစိတ် နှင့် အသိစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ဆောင်ရွက်မှု များကလည်း      အောင်မြင်မှုသော့ချက်များထဲမှ တစ်ခုဖြစ်သည်။ သဘာဝဘေးအန္တရာယ်သင့်ပြီး ဒေသများတွင်    ပြန်လည်ထူထောင်ရေးလုပ်ငန်း ဟူသည် ထောင့်စုံဘက်စုံမှဆောင်ရွက်ရသည်ဖြစ် ၍ စီမံခန့်ခွဲပေါင်းစပ်ညှိနှိုင်းလုပ်ငန်းများ စနစ်တကျ ဖြစ်ရန် အလွန်အရေးကြီးလှသည်။ ဆင့်ကဲဆင့်ကဲ စုဖွဲ့မှုဖြင့် စစ်ဆင်ရေးတစ်ခု ဆင်နွှဲသည့်ပမာ မပြတ် ကြပ်မတ်ကွပ်ကဲနေရသည်။ 

သဘာဝဘေးအန္တရာယ်ဟူသည် ရှောင်လွှဲ၍မရ၊  ရင်ဆိုင်တုံ့ပြန်ရမည်သာဖြစ်သည်။   ဖြစ်ချိန်တန် ဖြစ်၍ ပျက်ချိန်တန်ပျက်သည့် လောကဓံသဘောပင် ဖြစ်သည်။  လောကဓံသဘောက  မိမိ၏ခံနိုင်ရည် အပေါ်  များစွာမူတည်သည်။ အရာရာဘာမျှမမြဲသည် ဖြစ်၍ အားမငယ်ကြရန်နှင့် အရေးကြုံက အားပေးကူညီကြရန်အသင့်ရှိ‌နေခြင်းသည်ပင် တိုင်းရင်းသား အားလုံး၏     စိတ်ကောင်းစေတနာနှင့်    မြန်မာ အချင်းချင်း ရိုင်းပင်းကူညီသည့်  မိသားစုစိတ်ဓာတ် ဖြစ်သည်။    ဒုက္ခရောက်ရသူ   တစ်ယောက်မကျန် မည်သူ့ကိုမျှ ဖယ်ကြဉ်ထား၊ ပစ်ထားမည်မဟုတ်ဘဲ ပြည်သူအားလုံးက ကူညီပေးကြမည်သာဖြစ်၍ စိတ်ပျက်၊ စိတ်ဓာတ်ကျစရာမလိုပါ။ ပျက်လျှင်ပြင် ရသည်မှာ ခဏတာပင်၊ မူလထက်ပိုကောင်းသည့် အသစ်ကို ပြန်ရကြမှာပါပဲဆိုသည်ကို အလေးအနက် ထားသင့်သည်။ သဘာဝဘေးဒဏ်ခံ ခေတ်မီမြို့ပြ  အိမ်ရာများ၊ စက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်သွယ်မှု၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း များ၊ လူမှုဘဝများ ယခင်ထက်ပိုမိုဖွံ့ဖြိုးလာမည်မှာ မြင်ယောင်နေပါသည်။ အသက်ရှင်ရေးသည် ပထမ၊ ဘဝများ ရှင်သန်ရပ်တည်ရေးသည်လည်း ပထမ ဟူ၍ ခံယူထားသည့်အတွက် လတ်တလောပြင်ဆင် ရေးမှသည် ရေရှည်ပြန်လည်ထူထောင်ရေးအတွက်ပါ ကြိုတင်စဉ်းစားပြင်ဆင်ထားပြီးဖြစ်၍ ဘေးသင့် ပြည်သူများ၏ ​ မျှော်လင့်ချက်များ   အသေအချာ ပြည့်ဝလာမည်မှာ မလွဲပါ။  အဆိုးထဲကအကောင်း၊ အရှုံးထဲကအမြတ်ဟူ၍သာ မှတ်ယူစေချင်သည်။ အားနည်းချက်များကို   သင်ခန်းစာယူတတ်လျှင် အားသာချက်များဖြစ်လာမည်မှာ   သေချာပါသည်။ စိန်‌ခေါ်မှုများကို ရင်ဆိုင်လျက် အခွင့်အလမ်းကောင်း များကို ရှာဖွေရမည်သာဖြစ်သည်။ ယုံကြည်ချက် တော့ရှိစေလိုပါသည်။ ယခုလိုအခြေအနေမျိုးတွင် မတူကွဲပြား၊ အရောင်ကွဲများကြားတွင် တူတာတွေ စုစည်းမိပြီး အတူလက်တွဲ လုပ်ကိုင်သွားမည်ဆိုလျှင် စည်းလုံးညီညွတ်မှု အခွင့်အလမ်းတစ်ခုကို ပြန်လည်ရရှိနိုင်သည်။         အဓိကအချက်မှာ အကောင်းမြင်ပေးရန်ပင်ဖြစ်သည်။ အကောင်းမြင် စိတ်ဖြင့်    ကြိုးစားမှုက   ခံနိုင်ရည်ကိုတိုးစေပြီး ညီညွတ်ခြင်းက  ပျက်စီးထိခိုက်မှုကို   နည်းစေပါသည်။ ယခုလိုအခက်အခဲ အကျပ်အတည်းကာလတွင် အားလုံး၏စည်းလုံးမှုကိုရယူ၍ စိတ်ဓာတ်မကျ ဘဲ  စိတ်ဓာတ်ကောင်းကောင်း၊  ဝီရိယကောင်း ကောင်းဖြင့်  အားထည့်ကြိုးစားပါက  အချိန်တန် ပြန်လည်ရုန်းထွက်၊   နိုးထနိုင်မည်မှာ   သေချာပါ သည်။  တစ်နိုင်ငံလုံးကလည်း  သူတို့၏  ချစ်ခြင်း မေတ္တာများကို     ပေးပို့မျှ‌ဝေပြီးသားဖြစ်ပါသည်။    တည်တည်ငြိမ်ငြိမ်ဖြင့်    ကြိုးစား၍ကျော်ဖြတ်နိုင် ကြပါ‌စေ၊ ဝိုင်းဝန်းကူညီပံ့ပိုးမှုအားဖြင့် အားထည့်၍ ပြန်လည်တည်ဆောက်ကြပါစို့ဟူ၍သာ ...။