ကော့သောင်း  ၁၈ ဇွန်  

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမဖြစ်ပွားရေး ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများ ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက  ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ် မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

178

 

ဇာတ်တိုက်လေ့ကျင့်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများက  ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် လူနာတင်ယာဉ်များ ပူးပေါင်းအဖွဲ့စုံဖြင့် ကျေးရွာအတွင်း ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။

 

237

 

ဇာတ်တိုက်လေ့ကျင့်ရာတွင် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်းဘေးဖြစ်ပေါ် ကျရောက်လာပါက သတင်းအချက်အလက်များ ရယူပေးပို့ခြင်း၊ ကျေးရွာပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းခြင်း၊ ပျက်စီးပြိုကျနေသည့် နေအိမ်အဆောက်အဦအတွင်း ပိမိနေသူများအား  အချိန်နှင့်တပြေးညီ ကယ်ဆယ်မှုဆောင်ရွက်ခြင်း၊ သစ်ပင်ပိနေသောလူနာအား သစ်ပင်ကို ချိန်းဇောဖြင့် ဖြတ်တောက်ကယ်ဆယ်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဒဏ်ရာရလူနာများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်း၊ ရေနစ်သူအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ဆေးရုံသို့ ဆောလျင်စွာ ပို့ဆောင်ခြင်း စသည့် မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြရာ ကျေးရွာပြည်သူများ စိတ်ပါဝင်စားစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

8340

 

ထိုအပြင် ခရိုင်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ်များ အသိပညာပေးဆွေးနွေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးများအကြောင်း အသိပညာပေး ဆွေးနွေးခြင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး လိုအပ်ချက် တင်ပြမှုနှင့် လိုက်နာဆောင်ရွက်ကူညီသင့်သည့် အခြေအနေများ ဆွေးနွေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ သဘာဝဘေး ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အချက်များ အသိပညာပေးဆွေးနွေးခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကျေးရွာပြည်သူများသို့ အသီးသီးဆွေးနွေး အသိပေးပြောကြားခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)