နေပြည်တော် ၂၇ ဧပြီ
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(ဝ၅/၂၀၁၉) (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၀:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (ဝ၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee) ၏ အရှေ့-အရှေ့တောင်ဘက် (၄၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် (၆၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေး သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (ဝ၉:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၄.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀ဝ၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် နောက်(၁၂) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
အကြံပြုချက်
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
MDN