မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ မေ  ၂၀  ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်

 

 (က) မုန်တိုင်းငယ်(Depression)အခြေအနေ

---------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိ ခဲ့ကာ၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ဘီလူးကျွန်းမြို့(Bilu Island)၏ အနောက် တောင်ဘက် ရေမိုင်(၁၅)မိုင်ခန့်၊ မော်လမြိုင်မြို့(Mawlamyaine)၏ အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ ပေါင်မြို့(Paung)၏ ‌တောင်-အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ သထုံမြို့(Thaton)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်၊ ခရမ်းမြို့(Khayan)၏ အရှေ့ တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ  ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 

 (ခ) မုန်တိုင်းငယ်(Depression)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

------------------------------------------------------------------------

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု (၁၆.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၇.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၃၂)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၆)နာရီအတွင်းခန့်မှန်းချက်

----------------------------------------

အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၆)နာရီအတွင်း အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)   သတိပေးနှိုးဆော်ချက် 

-------------------------------

 အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၁.၅.၂၀၂၂) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့်  ရှိနိုင်ပါသည်။

(င)    အကြံပြုချက်

----------------------

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

 

Crd>မိုး/ဇလ