၂၆ ဇူလိုင်
မိုးလေးအေးလို့ နွေပူပူမှာလို အသားမမဲတော့ဘူး၊ အဆီမပြန်တော့ဘူး။ ဝက်ခြံတွေတော့ သက်သာသွားတော့မှာပဲလို့ တွေးပျော်နေသူလေးတွေရှိနေလား။ အပျော်ကြီးမပျော်လိုက်ပါနဲ့ဦးနော်။ မုတ်သုံက နွေလောက်မပူတာ မှန်ပေမယ့် အရေပြားပြဿနာတွေကင်းသွားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မုတ်သုံမှာ ဝက်ခြံတွေပိုဆိုးမလာအောင် ဒီလိုလေးနေထိုင်ကြရအောင်လား…..
မုတ်သုံနဲ့ဝက်ခြံ
မုတ်သုံမှာ ဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာနိုင်ပါတယ်။ ပတ်ဝန်းကျင်က အေးနေတာကြောင့် ရေသောက်ဖို့မေ့ပြီး ရေဓာတ်ခမ်းခြောက်ရာကနေတဆင့် ဝက်ခြံအပါအဝင် အခြားအရေပြားပြဿနာတွေပါ ခံစားရနိုင်ပါသေးတယ်နော်။ မုတ်သုံမှာ ဝက်ခြံကင်းပြီးလှချင်ရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးဖို့ လိုပါမယ်နော်။
သန့်စင်ပါ – ဒါကရာသီတိုင်းအတွက်အရေးပါပါတယ်။ မုတ်သုံဆိုပေမယ့်လည်း အရေပြားမှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကပ်ညှိနေနိုင်သလို ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ။ အဆီတွေလည်းရှိနေနိုင်ပါတယ်။ ဒါတွေက ချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို micellar waterသုံးပြီး သေချာသန့်စင်ပေးပါ။ မျက်နျာသစ်တဲ့အခါ မျက်နှာသစ်ဆေးအရည် ဒါမျမဟုတ် ဂျယ်လ်အမျိုးအစားကို အသုံးပြုပေးပါ။ မျက်နှာသစ်တိုင်း သွေးလည်ပတ်မှုကောင်းအောင် မျက်နှာကို နှိပ်နယ်ပေးဖို့လည်း မမေ့သင့်ပါဘူး။
Toner သုံးပါ - ကျော်သွားလို့မဖြစ်တဲ့ အရေပြားထိန်းသိမ်းမှုအဆင့်တစ်ခုပါ။ မိုးရာသီမှာ လေထဲကနေတဆင့် အရေပြားကို ထိခိုက်စေနိုင်တဲ့ အရာတွေများသလို လေထဲကနေတဆင့် အရေပြားကို ထိခိုက်စေနိုင်တဲ့အရာတွေကလည်း တော်တော်လေးများပါတယ်။ ဒီအရာတွေက မျက်နှာသစ်လိုက်ပေမယ့် မပြောင်ဘဲ အသားမှာ ကပ်ကျန်နေတာကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာက Toner ပါ။ ဒါကြောင့် ပုံမှန် Toner သုံးပေးပါ။ အဆီပြန်တတ်တဲ့သူတွေ ဝက်ခြံထွက်တတ်သူတွေအတွက် toner ကမိတ်ဖက်ပါနော်။
Moisturizer လူးပေးပါ – မိုးအေးပေမယ့်လည်း အစိုဓာတ်ထိန်းပေးဖို့က လိုအပ်ပါတယ်။ ဒါကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်စေဖို့ Moisturizer လိမ်းပေးပါ။ အဲယားကွန်းခန်းထဲမှာ နေရသူတွေက Moisturizer ကို ပိုလိုအပ်မှာပါ။
နေလောင်ကာခရင်မ်လူးပေးပါ – မိုးရွာနေတာပဲ နေမထွက်ဘူးဆိုပြီး နေလောင်ကာခရင်မ်မလူးဘဲ အပြင်ထွက်ဖို့ မစဉ်းစားလိုက်ပါနဲ့။ UVA နဲ့ UVB တို့က ဝိုင်းဆော်တာခံလိုက်ရပါမယ်။ ဒါကြောင့်မိုးရွာနေလည်း အပြင်မထွက်ခင် နာရီဝက်အလိုမှာ နေလောင်ကာခရင်မ်လူးပေးပါ။
ခြောက်သွေ့အောင်နေပါ – မိုးရေစိုသွားခဲ့ရင် ခြောက်သွားမှာပဲဆိုပြီး မထားလိုက်ပါနဲ့။ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာကြောင့်ပါ။ ဒါကြောင့် မိုးရေတွေကို တစ်သျှူးသုံးပြီး ချက်ချင်းသုတ်ပေးပါ။
ပေါင်းတင်ပါ – ဝက်ခြံကို သက်သာစေနိုင်တဲ့ ရှားစောင်းလက်ပပ်၊ ငှက်ပျောသီး၊ သခွားသီး၊ ပျားရည် စတဲ့ ဝက်ခြံထွက်တဲ့ အသားအရေအတွက် အကျိုးကျေးဇူးတွေပေးတဲ့ သဘာဝပစ္စည်းတွေနဲ့တစ်ပတ်တစ်ခါပေါင်းတင်ပေးပါ။
ဆဲလ်သေတွေဖယ်ရှားပါ – တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ချွေးပေါက်တွေ သန့်စင်ပြီး မလိုလားအပ်ဘဲ ဝက်ခြံတွေမထွက်မှာပါ။
ရေပုံမှန်သောက်ပါ – ရာသီဥတုအေးလို့ဆိုပြီး ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိလေးထားပြီး တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်လောက် ပုံမှန်သောက်ပေးပါ။
အဆီများတဲ့အစားအစာတွေရှောင်ပါ – ဆီကြော်စာတွေ၊ အသင့်စား၊ အမြန်စားအစားအစာတွေလိုမျိုး အဆီပါဝင်မှုများပြီး အငန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။ ဒါမှ ဝက်ခြံကင်းပြီး စိတ်ကူးယဉ်ဆန်တဲ့ မုတ်သုံကို ကြည်လင်တဲ့ အသားအရေလေးနဲ့ ဖြတ်သန်းနိုင်မှာပါ…….
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”