မြိတ် ၁၃ မတ်
မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M9 တွင် PTTEPI ကုမ္ပဏီမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ရေးလုပ်ငန်းများဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် လူထုတွေ့ဆုံပွဲကို ယနေ့ နံနက်(၁၀)နာရီက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။
“အဓိက က စီမံကိန်းနှင့် လုပ်ငန်းပတ်သက်ပြီး ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ ရေလုပ်ငန်းအဖွဲ့အစည်း တွေကို ကျွန်တော်တို့လုပ်ငန်းအပေါ်မှာ သဘောထားအမြင်တွေ ဘယ်လိုရှိမလဲ အကြံပြုချက်တွေရယူ တဲ့သဘောပါ။ စီမံကိန်းလုပ်ငန်းအကြောင်းကို မစတင်မီမှာ လာရောက်ရှင်းလင်း တင်ပြခြင်းဖြစ်ပါတယ်။ ဒီကနေပြီး သဘောထားမှတ်ချက်တွေ အမြင်တွေ အကြံပြုချက်တွေဆွေးနွေးပြီး အစီရင်ခံစာပြုစုတင်ပြကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားဖို့အတွက် လာရောက်ရှင်းလင်းခြင်းဖြစ်ပါတယ် ” ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဦးနေအောင် က ပြောသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေး စာချုပ်ကိုအခြေခံတဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် PTTEPI ကုမ္ပဏီမှ မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M9 တွင် ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တွင် သဘာဝဓာတ်ငွေ့ အကဲဖြတ်တွင်းများ တူးဖော်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ PTTEPI ကုမ္ပဏီမှ မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M9 တွင် အကဲဖြတ်တွင်း(၁၇)တွင်း တူးဖော်ရန် လျာထားလျက်ရှိကြောင်း၊ M9 သည် ရန်ကုန်မြို့မှ (၂၄၃)ကီလိုမီတာ ၊ ထားဝယ်မြို့မှ (၂၁၀)ကီလို မီတာ ၊ မြိတ်မြို့မှ (၃၀၉)ကီလိုမီတာ ကွာဝေးကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။
အခမ်းအနားတွင် PTTEPI ကုမ္ပဏီမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများ စီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် PTTEPI ကုမ္ပဏီတို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထိုနောက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို E-Guard Environmental Service ကုမ္ပဏီမှ ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်ငန်စဉ်များ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
လူထုတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )