မန္တလေး ၂၅ ဇွန်
မူဆယ် - လားရှိုး -မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်း ဖြစ်နှိုင်ခြေလေ့လာမှုတွေကို ယနေ့စတင်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထား (အထက်မြန်မာပြည်) ဒုအထွေထွေမန်နေဂျာ ဦးဌေးလှိုင် က ပြောသည်။
ဖြစ်နှိုင်ခြေလေ့လာမှုအတွက် တရုတ်နိုင်ငံမှ အကုန်ကျခံမည်ဖြစ်ပြီး ၁၅ ရက်ကြာ လေ့လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလေ့လာမှုနှင့်ပတ်သက်ပြီး ပြည်သူလူထုထံသို့ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မြစ်ငယ်မြို့ရှိ ဇေတဝန်ဓမ္မာရုံတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။
"ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှု အတွက် လုပ်ငန်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှာ မြန်မာ့မီးရထာနဲ့ China Railway Eryuan Engineering Group ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်"လို့ ဦးဌေးလှိုင် ကပြောသည်။
အဆိုပါလေ့လာမှုတွင် GPS ဖြင့်တိုင်းတာခြင်း ၊ Total Station ကရိယာဖြင့်တိုင်းတာခြင်း ၊ ရေမြေကျောက် နမူနာယူခြင်း ၊ Soil Test ပြုလုပ်ခြင်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ရထားလမ်းသစ်ဖောက်လုပ်မည့်စီမံကိန်းတွင် မန္တလေးမှ လားရှိုးအထိ ရထားလမ်းအရှည် ၂၆၇ မိုင် ၊ ဥမင်ပေါင်း ၆၀ ၊ ပြေးဆွဲမည့်အမြန်နှုန်း တစ်နာရီကို မိုင် ၁၀ဝ ဖြင့် လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရထားလမ်းသစ်ဖောက်လုပ်ခြင်းကြောင့် နည်းပညာသစ်များရရှိခြင်း ၊ ဒေသခံပြည်သုများ အလုပ်ကိုင်အခွင့်အလမ်းရရှိခြင်း ၊ ရထားပြေားဆွဲချိန် ၃ နာရီသာကြာမြင့်မည်ဖြစ်သဖြင့် အချိန်တိုအတွင်း ပို့ဆောင်နိုင်ခြင်း ၊ ယာဉ်အများအပြားသုံးစွဲခြင်း ၊ သယ်ယူပို့ဆောင်ခ များပြားခြင်းတို့ကိုလျော့ချနိုင်ခြင်း ၊ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတိုးတက်လာခြင်း စသည့်အကျိုးများရရှိ နိုင်မည်ဖြစ်ကြောင်းသိရသည်။
''အစက စီမံကိန်းအကြောင်းမသိတော့ မြေတွေ သိမ်းမလား ၊ ဘာလားဆိုပြီး စိုးရိမ်မှုတွေရှိခဲ့ပါတယ် ။ အခုလိုလာရောက်ရှင်းပြတော့မှ တကယ်အကျိုးရှိတဲ့ စီမံကိန်းဖြစ်တော့ ထောက်ခံပါတယ်''ဟု အမရပူရမြို့နယ် ဆတိုးကျေးရွာမှ ဒေသခံ ဒေါ်ခင်စန်းမြင့် ကပြောသည်။
အိမို့မို့ခိုင်


