မူဆယ် ၂၅ အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်-မန္တလေးမြို့သို့ ဆက်သွယ်ဖောက်လုပ်မည့် လျှပ်စစ်ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို  အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မူဆယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစန်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းနှင့် ဦးကိန်မိုင်၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲတွင် မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရန်က အမှာစကားပြောကြားပြီး မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင်(မြို့ပြ)က “မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရန် နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ (CIEC)တို့က လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ လက်ရှိလုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်ပြီး ရထားလမ်းလုပ်ငန်းစဉ်များဆောင်ရွက်ရာ၌ ပတ်ဝန်းကျင်ထိခိုက်နိုင်မှုများနှင့် ကြိုတင်ကာကွယ် လုပ်ဆောင်သွားရမည့် အကြောင်းအရာများကို Ever Green Tech Environmental Service And Training Co,Ltd မှ ဒေါက်တာကျော်စွာက ရှင်းလင်းပြောကြားဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်ရင်းသားယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ရထားလမ်းဖောက်လုပ်ရာတွင် ပြည်သူလူထုတို့၏ သဘောထားများကို အလေးအနက်ထားပြီး ဆောင်ရွက်စေလိုကြောင်း၊ တောင်သူများ၏ လယ်ယာမြေများ၊ တောင်ယာမြေများ၊ သစ်တောခြံများ၊ ရေအရင်းအမြစ်များ ထိခိုက်ပျက်စီးမည်ဆိုပါက ပြန်လည်ဖြည့်ဆည်း  ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်းနှင့်  ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုများမရှိစေရန် အထူးလိုအပ်ကြောင်း အကြံပြုဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးသည်။

 

မူဆယ်-မန္တလေး လျှပ်စစ်မီးရထားလမ်းသည် အရှည် ၄၁၄ ကီလိုမီတာ၊ မိုင်ပေါင်း ၂၅၃ မိုင်၊ တံတားကြီး၊ တံတားငယ်စုစုပေါင်း ၁၄၂ ခု၊ ဥမင် ၆၀ ၊ ဘူတာရုံ ၃၆ ခုနှင့် ရထားလမ်းလွှဲ ၂၄ ခုပါဝင်မည်ဖြစ်ပြီး မူဆယ်-မန္တလေးအကြား ခရီးကြာချိန်(၃)နာရီခန့်သာ ကြာမြင့်မည်ဟု သိရသည်။ မူဆယ်-မန္တလေး လျှပ်စစ်မီးရထားလမ်းကို  ဖောက်လုပ်ပြီးစီးမည်ဆိုပါက လမ်းပန်းဆက်သွယ်ရေးများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူမြန်ဆန်လာမည်ဖြစ်ပြီး ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN