ကွတ်ခိုင် ၂၃ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှ မန္တလေးမြို့သို့ ဆက်သွယ်ဖောက်လုပ်မည့် လျှပ်စစ်ရထားလမ်း စီမံကိန်းနှင့် ပတ်သတ်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွတ်ခိုင်မြို့နယ်အတွင်း ဖြတ်ကျော်လာမည့် ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများကလည်း အဆိုပါ ရထားလမ်းဖောက်လုပ်ရာ၌ ၎င်းတို့အပေါ် ထိခိုက်နိုင်မှုများ နည်းနိုင်သမျှနည်းအောင် ပြုလုပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
အဆိုပါ မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်းအား ဖောက်လုပ်ခဲ့လျှင် ကွတ်ခိုင်မြို့နယ်တွင် ပါကျူ၊ နမ့်ခုံး၊ ဟိုနား၊ မန်လုံ၊ နမ့်ဖတ်လွန်း(အောက်)၊ နမ့်ဖတ်ကာ (ဟိုပုံနှင့်ပန်ဂျရော့)၊ နားဖိုင်၊ ခါးဖော့နှင့် ကောင်းလိမ်ကျေးရွာများအား ဖြတ်ကျော်လာမည်ဖြစ်သည်။
ရထားလမ်းပြီးစီးပါက ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် လွယ်ကူလျင်မြန်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သော်လည်း ၎င်းရထားလမ်း ဖောက်လုပ်ရာတွင် တောင်သူများ၏ လယ်ယာမြေများ၊ သစ်တောမြေများ၊ ရေအရင်းမြစ်များ၊ ယာဉ်တိုက်မှု အန္တရာယ်များနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု မရှိစေရန် အထူးလိုအပ်ကြောင်း ကွတ်ခိုင်မြို့ တအာင်း(ပလောင်) စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးထွန်းအောင်က ပြောသည်။
မူဆယ်-မန္တလေးအကြား ဖောက်လုပ်မည့် ရထားလမ်းသည် လျှပ်စစ်ရထား အမျိုးအစားဖြစ်ကာ တစ်နာရီမိုင် (၁၀ဝ)နှုန်းနှင့် ပြေးဆွဲမည်ဖြစ်ပြီး ဖောက်လုပ်ပြီးစီးပါက မူဆယ်-မန္တလေးအကြား (၃)နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)


