မူဆယ် ၁၀ ဖေဖော်ဝါရီ
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ကားများကို ကုန်စည်ဒိုင်ကြေး နှစ်ပတ်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါကုန်စည်ဒိုင်မှ သိရသည်။
လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်တွင် ကုန်သွယ်မှု အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး ကုန်သည်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် သစ်သီးဝလံကုန်စည်ဒိုင်မှ ကောက်ခံနေသော ကုန်စည်ဒိုင်ကြေးများကို ယခုလ ၁၀ ရက်မှ ၂၃ ရက်အတွင်း ဝင်ရောက်နေသော ကားများအပေါ် ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။
"ကိုရိုနာဗိုင်းရပ်စ်အခြေနေကြောင့် သစ်သီး ရောင်းဝယ်တဲ့သူတွေ အရမ်းဒုက္ခ ရောက်နေတဲ့ အချိန်မှာ လောလောဆယ် အနေအထားအရ သက်သာအောင် တစ်ဖက်တစ်လမ်းကနေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကင်းလွတ်ခွင့်ပြုတာပါ"ဟု သစ်သီးဝလံကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ပြောသည်။
ထို့ပြင် လိုအပ်ပါက ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ကို ရက်တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ပြီး ယခင်က သစ်သီးကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ကားများအပေါ် တစ်စီးလျှင် ကျပ် ၅၀၀၀ ကုန်စည်ဒိုင်ကြေး ကောက်ခံလျက်ရှိကြောင်း သိရသည်။
လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်သို့ တင်ပို့မည့် ပို့ကုန်များဖြစ်သော ငါး၊ ပုစွန်၊ ကဏန်း၊ ဆန်၊ ပြောင်း စသည်တို့မှာ ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားပြီး ဖရဲနှင့် သခွားမွှေးအနည်းငယ်သာ တင်ပို့မှုရှိကြောင်း၊ ဖရဲနှင့် သခွားမွှေးမှာလည်း ယခင်နှစ်ကာလတူတွင် မူဆယ်နယ်စပ်ဂိတ်သို့ တစ်ရက်လျှင် ဖရဲ၊ သခွား ကားအစီးရေ ၇၀၀ ခန့် ဝင်ရောက်လျက်ရှိသော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖရဲ၊ သခွား ကားအစီးရေ ၁၀၀ ခန့်သာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Nyein Nyein