မူဆယ် ၈ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့(ခွဲ)၊ အမှတ်(၁၂၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်)အတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် မိသားစုများကို ဒီဇင်ဘာလ(၈)ရက်နေ့ မွန်းလွဲ (၃)နာရီအချိန်တွင် မူဆယ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုတိယရဲမှူး ချစ်စိန်နှင့်ဇနီးဒေါ်မင်းမင်းခိုင်တို့က ဆန်အိတ်နှင့် ပဲဆီများကို ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးဝန်းထဲ၌ ထောက်ပံ့ပေးအပ်သည်။
“ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မိသားစုတွေ စားရေးသောက်ရေးမှာ အဓိကအထောက်အကူဖြစ်စေမယ့် ဆန်နဲ့ ပဲဆီတွေကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါတယ်၊ မူဆယ်ခရိုင်မှာ တာဝန်ထမ်းဆောင်ကြတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် မိသားစုဝင်တွေ မိသားစုစားဝတ်နေရေးတွေ တစ်ဖက်တစ်လမ်း အထောက်အကူ ပြုစေရန်အတွက် လစဉ်လတိုင်း ထောက်ပံ့ပေးမယ်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေပါတယ်” လို့ မူဆယ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးက ရဲထိန်းရဲတပ်ဖွဲ့ဝင်များ ထောက်ပံ့ရခြင်း အကြောင်းရင်းကို ပြောကြားသည်။
မူဆယ်ခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်အရာရှိ(၆)ဦး၊ အခြားအဆင့် (၃၃)ဦး စုစုပေါင်း (၃၉)ဦးတို့ကို တန်ဖိုးငွေစုစုပေါင်း(၃)သိန်းကျော်ရှိ ဆန်၊ဆီများထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။ အမှတ်(၁၂၃)၊ ယာဉ်ထိန်းရဲတပ်ဖွဲစု(မူဆယ်ခရိုင်)မှ မူဆယ်မြို့တွင် ယာဉ်ကြောကြပ်တည်းမှုများ မရှိစေရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် မူဆယ်မြို့၌ ကျင်းပပြုလုပ်သည့် နေ့ထူးနေ့မြတ်များနှင့် ရိုးရာပွဲတို့တွင် ပြည်သူလူထုများသွားလာရာ၌ လွယ်ကူချောမွေ့စေရန်အတွက် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းမံမံဆောင်ရွက်ပေးကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


