မူဆယ်ကုန်သွယ်ရေးဇုန်တွင် ပဲပုတ်စေ့ တစ်တန်လျှင် အမြင့်ဆုံးဈေး ကျပ် ၈၅၀,ဝ၀ဝ ခန့် ရရှိ

mdn

မူဆယ် ၂၈  ဇူလိုင်  

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ပဲပုတ်စေ့ ဝင်ရောက်မှု နည်းပါးနေပြီး တစ်တန်လျှင် အမြင့်ဆုံးဈေး ကျပ် ၈၅၀,ဝ၀ဝ ခန့်ရရှိ နေကြောင်း မူဆယ်ရှိ ကုန်သည်များထံက သိရသည်။

 

 “ ပဲပုတ်စေ့က ရက်ခြား ရက်ခြားတော့ ဝင်တယ်။ ဝင်တာများတဲ့ အပတ်ဆိုရင် တန် ၄,ဝ၀ဝ ဝန်းကျင်လောက် တော့ရှိတယ်။ အရင်နှစ် ကာလတူနဲ့ ယှဉ်ရင်တော့ အဝင်းနည်းတယ်။ အရောင်းအဝယ်ပါးတယ်။ အခု တရုတ် က နိုင်ငံကြီးတွေကနေ တင်သွင်းလာတဲ့ ပဲပုတ်စေ့တွေကို တင်းကြပ်တာတွေ ရှိနေတယ်”ဟု တောင်ကြီး- မူ ဆယ်ရှိ ပဲပုတ်ကုန်သည် ဦးစိုင်းသိန်းလင်းက ပြောသည်။

 

လက်ရှိတွင် မူဆယ်ကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်ထွက် ပဲပုတ်စေ့ တစ်နေ့လျှင် ၁၆ တန်ခန့် စတင်ဝင်ရောက် လာပြီး အနိမ့်ဆုံးဈေး ၃,၅၀ဝ ယွမ် မြန်မာငွေ ကျပ် ၇၄၀,ဝ၀ဝ ခန့်၊ အမြင့်ဆုံးဈေး ၄,ဝ၀ဝ ယွမ် မြန်မာငွေကျပ် ၈၅၀,ဝ၀ဝ ခန့် ဈေးပေါက်နေပြီး ယခင်နှစ်ကာလတူထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိနေသော် လည်း လျှော့နည်းဝင်ရောက်နေကြောင်း  သိရသည်။

 

“ ပဲပုပ်ကို အများဆုံးတင်သွင်းတဲ့ နိုင်ငံတွေကတော့ တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်၊ အင်ဒိုနီး ရှား အစရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ကာလတူ နှိုင်းယှဉ်ရင်တော့ အရင်နှစ် ဒီလို အချိန်တုန်းက ပဲပုပ် တစ်ပိ ဿာ ၉၇၈ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်။  ဒီနှစ်မှာတော့ ကျပ် ၂,ဝ၀ဝ ဝန်းနဲ့  အရောင်းအဝယ် ဖြစ်နေတဲ့ အတွက် ဈေးကတော့ ကောင်းပါတယ်။ တရုတ် ဘက်မှာတော့ ပဲပုပ်ကို စားသုံးဆီ(Vegetable Oil) အဖြစ် သာမက လူသုံးကုန် ပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ ဆပ်ပြာ၊ အိမ်သုတ်ဆေး၊ ပုံနှိပ်မင်၊ ဆေးဝါးထုတ်လုပ် တွေမှာ အသုံးပြုတယ်” ဟု မန္တလေး-မူဆယ်ရှိ ပဲပုပ်ကုန်သည်များအဖွဲ့ ဈေးကွက်မန်နေဂျာ ကိုခိုင်လတ်က ပြောသည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုးမှုရှိသော  ပဲပုပ်မျိုးများမှာ ရေဆင်း(၅)၊  ရေဆင်း(၆)နဲ့ ရေဆင်း(၁၁)မျိုးတို့ ဖြစ် ကာ  တစ်ဧကလျှင် မျိုးစေ့ ၁၂ ပြည်မှ ၁၆ ပြည်အထိ အသုံးပြုကြသည်။ရေဆင်းစိုက်ပျိုးရေး သုတေသန၊ ပဲမျိုးစုံဌာနစိတ်တွင် အီဂျစ်၊ ထိုင်း၊ အမေရိကန်နိုင်ငံများမှ မျိုးများတင်သွင်း မှုနှင့် ပြည်တွင်းမျိုးများ စုဆောင်း၍ မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တွင် မိုးရာသီ၌ ပဲပုပ်စိုက်ပျိုးပြီး သြဂုတ်လ၊ စက်တင်ဘာလတို့တွင် ရိတ်သိမ်း၍ ဆီစားနေကြာ၊ ဆောင်းအာလူး၊ ကြက်သွန်ဖြူ/နီ၊ ဂျုံတို့ကို စိုက်ပျိုးနိုင်သည်။ထို့ကြောင့် ကချင်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်တို့တွင်လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းများတွင်လည်းကောင်း၊ အောက်မြန်မာနိုင်ငံရှိ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတွင် စိုက်ပျိုးသည်။

 

ဇာလင်းသူ(AMIA)/ ဓာတ်ပုံ- ကေဇူး(AMIA)