မူဆယ် ၂ စက်တင်ဘာ    


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ယခုနေ့အချိန်အထိ အခြေခံအိမ်တွင်းမှုသင်တန်း ပြီးဆုံးသူ (၁၇၈၁)ဦးနှင့် အဆင့်မြင့်သင်တန်း ပြီးဆုံးသူ(၅၃၇)ဦး စုစုပေါင်း(၂၃၁၈)ဦး ရှိသည့်အနက်မှ ပြင်ပကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း ပြုနိုင်သူ(၁၀၉၉)ဦးရှိနေပြီဖြစ်ကြောင်း မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်၏ ပြောကြားချက်အရသိရသည်။


နယ်စပ်ဒေသ၊ မူဆယ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ အမျိုးသမီး ငယ်များကို ကိုယ်ပိုင်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ်၍ စက်ချုပ်ပညာရပ်များကို စနစ်တစ်ကျ သင်ကြားပေးလျက်ရှိပြီး မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၅၅)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၅၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က အမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်က “သင်တန်းတက်ရောက်နေသည့် အမျိုးသမီးငယ်များကို စရိတ်ငြိမ်းဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ သင်ထောက်ကူ ပစ္စည်းများကို စုံလင်စွာထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့ သင်ကြားပေးပါကြောင်း၊ သင်တန်းဆင်းသည့် သင်တန်းသူများကို တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိနေပါကြောင်း” ပြောကြားခဲ့သည်။ 


ဆက်လက်ပြီး ခင်းကျင်းပြသထားသည့် သင်တန်းဆင်းသူများ၏ အဝတ်အထည်၊ လက်မှုလက်ရာများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုခဲ့ကြပြီး အဆိုပါသင်တန်းမှ အခြေခံအိမ်တွင်းမှုသင်တန်းသူ (၇၄)ဦးနှင့် အဆင့်မြင့်စက်ချုပ် သင်တန်းသူ(၁၆)ဦး စုစုပေါင်း သင်တန်းဆင်းသူ(၉၀) ရှိကြောင်း သိရသည်။


ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)