မူဆယ် ၈ မေ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်များကို မူဆယ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ Facility Quarantine နေရာများတွင် စနစ်တကျ ထားရှိ ဆောင်ရွက်လျက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မေလ ၇ ရက် နံနက်ပိုင်းက Facility Quarantine ထားရှိသည့် အထက (၃)ကျောင်း၊ တရုတ်စာသင်ကျောင်းနှင့် Community Base Facility Quarantine Center ထားရှိသည့် အထက(၁)ကျောင်းသို့ သွားရောက်ကြည့်ရှုကာ COVID-19 ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးပေါင်း အဖွဲ့(မူဆယ်မြို့)၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
Facility Quarantine ထားရှိသည့်အထက(၃)ကျောင်း၊ တရုတ်စာသင်ကျောင်းနှင့် Community Base Facility Quarantine Center သို့ရောက်ရှိ၍ Facility Quarantineတွင် နေထိုင်သူများ၏ ကျန်းမာရေး၊ နေရာထိုင်ခင်း အစားအသောက်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးပေါင်းအဖွဲ့များ၏ လိုအပ်ချက်များကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
တရုတ်နိုင်ငံ၊ ဒေသအသီးသီးသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာပြောင်းရွှေ့ အလုပ်သမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် တရုတ်နိုင်ငံအတွင်း အကျဉ်းကျနေသည့် မြန်မာ နိုင်ငံသားများကို မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ နေ့စဉ်နှင့်အမျှ ဝင်ရောက်လျက်ရှိပြီး မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးပူးပေါင်း အဖွဲ့ဖြစ်သည့် လက်ခံရေးနှင့်နေရာချထားရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ကျွေးမွေးရေး ဆပ်ကော်မတီနှင့် သတင်း ပြန်ကြားရေး ဆပ်ကော်မတီတို့က ကော်မတီအလိုက် လိုအပ်သည်များကို အသီးသီး ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


