မူဆယ် ၁၇ ဇန်နဝါရီ

မူဆယ်မြို့၊ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းရှေ့များတွင် စည်းကမ်းမဲ့ တွန်းလှည်း၊ သုံးဘီးကားများဖြင့် ဈေးရောင်းနေသည့် ဈေးသည်များကို မြို့နယ်စည်ပင်သာယာရေး ဌာန၊ မော်တော်ယာဉ်ထိန်းသိမ်းရေးဌာနနှင့် ယာဉ်ထိန်းတပ်ဖွဲ့များ ပူးပေါင်း၍ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲတွင် ဖယ်ရှားရှင်းလင်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ကျောင်းပတ်ဝန်းကျင်၊ ကျောင်းရှေ့များတွင် စည်းကမ်းမဲ့ ဈေးရောင်းခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ကြိုပို့လုပ်ရာတွင် ယာဉ်ကျပ်တည်းမှုများနှင့် လမ်းသွားလမ်းလာများ အဟန့်အတားများ ဖြစ်စေမှုကြောင့် ဖယ်ရှားခဲဲ့ခြင်းကြောင်း သိရသည်။

“မြို့သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းတစ်ကျရှိရေးတို့ကို ဦးတည်ဆောင်ရွက်ထားခြင်းဖြစ်တယ်၊ တချို့သူတွေက စည်းကမ်းမဲ့ ဈေးရောင်းချခြင်း၊ စည်းကမ်းမဲ့ မော်တော်ယာဉ်ရပ်နားခြင်း၊ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်တယ်။

စည်းကမ်းမဲ့ ဈေးသည်များကို ဖယ်ရှားဆောင်ရွက်ခြင်း၊ မော်တော်ယာဉ်နဲ့ဆိုင်တဲ့ အပိုင်းဆိုရင် ယာဉ်ထိန်းတပ်ဖွဲ့များက အရေးယူဆောင်ရွက်တယ်။ မြို့နယ်စည်ပင် သာယာရေးဌာနနဲ့ဆိုင်တဲ့ ဈေးဆိုင်များကို မြို့နယ်စည်ပင်သာယာရေးဌာနက တာဝန်ယူကြီးကြပ် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ပါတယ်။ အများပြည်သူနှင့်ဆိုင်တဲ့ ကျောင်း၊ ဆေးရုံ၊ လမ်း အဲ့နေရာမျိုးကို အရေးထားပြီးတော့ ဦးစားပေး ဆောင်ရွက်တယ်။ ဈေးပတ်ဝန်းကျင်များကို တစ်ပတ်တစ်ကြိမ် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်ပါတယ်။ သန့်ရှင်းမှုမရှိသည့် ရေမြောင်းများကိုတော့ နေ့တိုင်းသန့်ရှင်းရေးပြုလုပ်ဖြစ်တယ်။ စည်းကမ်းမဲ့ ဈေးဆိုင်များကိုတော့ စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခြင်းတွေ ပြုလုပ်ပါတယ်။ အရင်ဦးဆုံး ပြည်သူများကို အသိပညာပေး ဆောင်ရွက်တာတွေ ပြုလုပ်ရတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းလေးတွေ စည်းကမ်းနဲ့အညီ ဘယ်လို လုပ်ကိုင် ဆောင်ရွက်ရမလဲ ဆိုတာလေးတွေ နားလည်အောင် ရှင်းလင်းပြောပြတယ်၊  အများပြည်သူများရဲ့ ပြောပြလာမှုတွေ များပြားလာတဲ့အတွက် စည်းကမ်းမဲ့ ဈေးသည်များကို နှုတ်ဖြင့်ရော စာနဲ့ပါ သတိပေးခြင်းများ ပြုလုပ်တယ်၊ နားလည်အောင် (၁)ကြိမ်မက (၃)ကြိမ်တိုင် နားလည်အောင် ပြောပြသော်လည်း ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်အပေါ်ကို မသိကျိုးကျွံ ပြုလုပ်မှုတွေ များပြားလာပြီ ဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ခြင်း အနေအထားသို့ ရောက်ရှိသွားတာပါ” ဟု  မူဆယ်မြို့ စည်ပင်သာယာရေးဌာန၊ ဈေးတာဝန်ခံ ဦးသိန်းဇော်ပြောကြားချက်အရ သိရသည်။

ဗန်ရိုးထန်(ပြန်/ဆက်)

 

mdn