နေပြည်တော်   ၁၉  မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၁၆ ရက် ည ၇ နာရီခန့်တွင် မူဆယ်မြို့အစွန် သင်္ချိုင်းအနီး၌ ရှာဖွေစစ်ဆေးရာ အမှိုက်ကျင်းအတွင်းမှ မြေစာများဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် ပါရိအမျိုးအစား မောင်းပြန်ရိုင်ဖယ် တစ်လက်၊ အမ် ၂၂ မောင်းပြန်ရိုင်ဖယ် သုံးလက်၊ အမ် ၂၂ ကျည် ၁၀၂ တောင့်၊ ပါရိ ကျည်အိမ် တစ်ခုနှင့် အမ် ၂၂ ကျည်အိမ် သုံးခုတို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း။

ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ တစ်ဝိုက်အား ဆက်လက်ရှာဖွေရာ ၎င်းနေရာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာ တဲပျက်နေရာ၌ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော ဘာရက်တာပစ္စတို (ပွိုင့်-၂၅) တစ်လက်၊ ဘာရက်တာပစ္စတို (ပွိုင့်-၂၅)ကျည် ခုနစ်တောင့်၊ ဘာရက်တာပစ္စတို ကျည်အိမ် တစ်ခု၊ လူဂါပစ္စတို တစ်လက်၊ လူဂါပစ္စတိုကျည်အိမ် တစ်ခု၊ ကြိုးဆွဲလက်ပစ်ဗုံး သုံးလုံး၊ လက်ပစ်ဗုံး (အသေး) (ဖြူစ်ပါ) နှစ်လုံးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း။

အဆိုပါ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်