နေပြည်တော်  ၁၇  မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မူဆယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်၊ မစ/၃၉၂ ရှိ လင်းထက်ဦး ပိုင်ဆိုင်သော ဝင့်နင်ကုမ္ပဏီအဖွဲ့၊ တာ့ဇောက်တိကော်၊ ဖျော်ဖြေရေး စင်တာအား မေ ၁၅ ရက် နံနက် ၁ နာရီခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား လောင်ဟွာ(ဘ)ခွမ်းဟူးတာ အပါအဝင် တရုတ်နိုင်ငံသား ၁၀ ဦးအား လက်တော့မျိုးစုံ ၁၅ လုံး၊ တယ်လီဖုန်းမျိုးစုံ ၁၅ လုံး၊ မော်နီတာ ၃ လုံး၊ USB ၂ လုံး၊ CPU ၁ လုံး၊ PRINTER (KYOCERA) ၁ လုံး၊WIFI စက် ၆ လုံး၊ တရုတ်အထိုင်ဖုန်း ၇ လုံး၊ လက်တော့အားသွင်းကြိုး ၁၀ ခု၊ COMPUTER MOUSE ၁၀ ခုနှင့် နားကြပ် ၇ ခုတို့အားလည်း ကောင်း၊ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါရပ်ကွက်ရှိ လုကျိန်လုံပိုင်ဆိုင်သော ယွိလုံဆောင်နား အပန်းဖြေ SPA နေရာအား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ကျန်စိမ်း(ဘ) ကျန်းယွင်ခမ်းနှင့် တရုတ်နိုင်ငံသူ ၂ ဦးကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။

 

အလားတူ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ည ၁၂ နာရီခွဲခန့်တွင် ၎င်းရပ်ကွက်ရှိ ချိန်မှုန်ပိုင်ဆိုင်သော နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းအပါအဝင် အမျိုးသား ၄ ဦးကို သေနတ် ၁ လက်၊ ၎င်း ကျည် ၂၀  ၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ၎င်းကျည်အိမ် ၁ ခုတို့ကို လည်းကောင်း၊ မေ ၁၆ ရက် နံနက် ၁ နာရီခန့်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များက လိတီချန်းပိုင်ဆိုင်သော နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် ရန်ဟော်ယုံအပါအဝင် တရုတ်နိုင်ငံသား ၃ ဦးကို အမ်-၂၂ ခေါက်ဒင် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ အမ်-၂၁ သစ် သားဒင် ၁ လက်၊ အမ် -၁၆ ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ လူကာပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ICE ၂၅ ကီလို၊ ဘိန်းဖြူဆပ်ပြာခွက် ၇ ဒသမ ၇ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၃၀ ကီလိုနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀  (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်းဖိုးငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော်)နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

 

အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

သတင်းစဉ်