ကျောက်ပန်းတောင်း ၃၀ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်သို့၊ ဧပြီ(၃၀)ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄၀ က ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်များအား၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး၊ သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် အလုပ်လုပ်ကိုင်ပြီး၊ မိမိဒေသကျောက်ပန်းတောင်းမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသူများမှာ ယနေ့နံနက်တွင် မိန်းကလေး(၁၁)ဦးဖြစ်ကြောင်းသိရပြီး၊ ၎င်းတို့အား ကျောက်ပန်းတောင်းမြို့ သာသနာ့ဗိမာန် ကြိုဆိုရေးစခန်းတွင် ကြိုဆို၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်ရေးအချက်အလက် ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က မိမိတို့ကျေးရွာများတွင် ရောက်ရှိပါက သတ်မှတ်ထားသည့် Community Quarantine Centre များတွင် သတ်မှတ်ထားသည့် (၂၁)ရက်ပြည့်မီအောင် နေထိုင်သွားကြရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ တင်ပြသွားရန်၊ Quarantine နေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာသွားကြရန်နှင့်မိမိတို့ ကျန်းမားရေးကိုလည်း အထူးဂရုပြုကြရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် Covid-19 Volunteer (Kyaukpadaung) အဖွဲ့မှ ထောက်ပံ့သည့် စားသောက်ဖွယ်ရာများကို တစ်ဦးချင်းအားပေးအပ်ပြီး၊ အသင့်လာရောက် စောင့်ကြိုနေခဲ့သည့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


