မူဆယ်မြို့မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ်(၁၄၃)အား ရောဂါပိုးမတွေ့ရတော့သည့်အတွက် ဆေးရုံဆင်းခွင့်ပြု

မူဆယ်  ၉ မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူသော ကိုဗစ်-၁၉ လူနာအမှတ် (၁၄၃)၏ ဓာတ်ခွဲနမူနာ နောက်ဆုံး(၂)ကြိမ်တွင် ကိုဗစ် ၁၉ ရောဂါပိုး မတွေ့ရသည့်အတွက် ယနေ့ ညနေ ၃ နာရီက ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။ 

 

လူနာအမှတ်(၁၄၃)သည် ဒူဘိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူဖြစ်ပြီး မူဆယ်မြို့ ၎င်း၏နေအိမ်တွင် Home Quarantine ဝင်နေစဉ် ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက်နေ့ ဓာတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ လူနာအမှတ်(၁၄၃)အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း မူဆယ်မြို့၊ ကျန်းမာရေး ဝန်ထမ်းများက ဝိုင်းဝန်းကုသပေးခဲ့ပြီး မေ ၅ ရက်နှင့်  ၇ ရက်တို့တွင် လူနာ၏ ဓာတ်ခွဲနမူနာများကို (၂)ကြိမ်တိုင်တိုင် ပြန်လည်ပေးပို့ စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိရသည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုလိုက်သည်ဟု မူဆယ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက ပြောသည်။

 

“ဒီကနေ့ဟာဆိုရင် မူဆယ်မြို့က ကိုဗစ်-၁၉ ရောဂါ လူနာအမှတ် (၁၄၃) ဆေးရုံဆင်းခွင့်ရတဲ့အတွက် မူဆယ်မြို့အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာန အသီးသီးတို့ရဲ့ ပံ့ပိုးလမ်းညွှန် ချက်တွေကို ဒီမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဝိုင်းဝန်းပြီး ကုသပေးခဲ့တာပါ။ လူနာကို အနီးကပ်ထိတွေ့ကုသတဲ့ နေရာတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မခံရအောင် ဝတ်စုံအပြည့်နဲ့ ကုသစောင့်ရှောက် ပေးခဲ့ပါတယ်။ လူနာအမှတ် (၁၄၃)ကို ဧပြီ ၂၄ ရက်နေ့ညက စတင်ပြီး ၁၅ ရက်ကြာ လိုအပ်ချက်မရှိအောင် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ တက်ညီလက်ညီကြိုးစားပြီး ရရှိလာတဲ့အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာ ဟန်နိုင်စိုးက ပြောသည်။

 

လက်ရှိ မူဆယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ စောင့်ကြည့်လူနာ ၆ ဦးရှိသည့်အနက် (၃)ဦး၏ ဓာတ်ခွဲနမူနာများတွင် Negative များဖြစ်ကာ ကျန်ရှိ(၃)ဦး၏ တို့ဖတ်နမူနာများကို ယနေ့ မေ ၉ ရက်တွင် ပေးပို့စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)