မူဆယ် ၂၉ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ထိန်းချုပ်ကာကွယ် နိုင်ရေးအတွက် ဒေသခံအသီးသီးက ကျပ်သိန်း (၁၀,၈၂၀,၀၀၀) တန်ဖိုးရှိ ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက် ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လာရောက်လှူဒါန်းမှုများတွင် မူဆယ်မြို့ ရွှေရောင်လင်းသစ်ကုမ္ပဏီမှ ကျပ်သိန်း(၄၀)တန်ဖိုးရှိ Mask အခုရေ (၆၀၀၀)၊ ကျပ်(၂၄)သိန်း တန်ဖိုးရှိ PPE ဝတ်စုံ (၁၀၀)နှင့် မူဆယ်မြို့ရှိ ဒေသခံအသီးသီးက ကုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း(Isolation) ထားရှိမည့် ကုတင်(၃၄)လုံးအတွက် တန်ဖိုးငွေ ကျပ်(၄၄)သိန်းတို့ကို လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ဝုန်းမေတ္တာ လူမှုကူညီရေး အသင်းမှ ငွေကျပ်(၁၀)သိန်း လာရောက်ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကော်မတီ(မူဆယ်)မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


