မူဆယ်  ၅  မတ်

 

မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမျိုးသားတစ်ဦး လဲကျနေသည်ဟူသော သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ သိရသည်။

 

ယနေ့ မွန်းလွဲ ၁ နာရီခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မန့်ဝန်းဂိတ်အနီးတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် အမျိုးသားတစ်ဦး လဲကျနေသည်ဟူသော သတင်းအမှားကို လူမှုကွန်ရက် ပေါ်သို့ ပြန့်နှံ့လာခြင်းကြောင့် ပြည်သူများစိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။

 

9/865

 

အဆိုပါ သတင်းမှာ ကောလာဟလ သတင်းသာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူလဲသွားခြင်းမဟုတ်ဘဲ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အမူးလွန်၍ ကားလမ်းမပေါ်၌ မူးလဲအိပ်ပျော်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမူးလွန်အိပ်ပျော်နေသူအား မူဆယ်မြို့၊ လူမှုကရုဏာအသင်းယာဉ်ဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးလိုအပ်ချက်များ ဆောင်ရွက်ပေးကာ ပြန်လည်အမူးပြေလာ၍ မေးမြန်းရာ အမျိုးသားမှာ လားရှိုးမြို့နေထိုင်သူ ကုန်တင်ယာဉ်နောက်လိုက်တစ်ဦးဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ၎င်းလိုက်လာခဲ့သည့် ယာဉ်မောင်းနှင့် ပြန်လည်ဆက်သွယ်၍ ယာဉ်မောင်းရှိရာ မူဆယ်မြို့၊ (၁၀၅)မိုင်သို့ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

 

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)