မူဆယ် ၂၂ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အဝေးပြေး သိန်းသန်းချီကားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက မူဆယ်မြို့မှတစ်ဆင့် မြန်မာပြည်အနှံ့သို့ ထွက်ခွာသွားမည့်ယာဉ်များကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကော်မတီ(မူဆယ်)မှ အဖွဲ့ဝင်များ၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စေတနာပရဟိတအသင်းဝင်များနှင့် နှလုံးလှပရဟိတအသင်းဝင်များက ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးရည်ဖျန်းခြင်းများ ဆောင်ရွက်သည်။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားလာခြင်း မရှိစေရန်အတွက် နယ်စပ်စစ်ဆေးရေးဂိတ်များနှင့် လူစည်ကားရာနေရာများ၌ ကြိုတင်ကာကွယ်မှုများကို တင်းကြပ်စွာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကော်မတီ(မူဆယ်)မှ ကဗျာဆရာ ဦးမျိုးခိုင်က တရုတ်ပြည်ဘက် ဝင်ရောက်လာတဲ့ မော်တော်ယာဉ်များနှင့် မူဆယ်မြို့မှတစ်ဆင့် ပြည်မဘက်သို့ ဦးတည်သွားတဲ့ မော်တော်ယာဉ်များကို ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးရည်များ လိုက်လံဖျန်းပေးခြင်းဖြစ်သည်ဟု ပြောသည်။
“အရင်ဦးဆုံး နယ်စပ်ဂိတ်ဖြစ်တဲ့ မန့်ဝိန်းဂိတ်မှာ တရုတ်ပြည်၊ ဂျယ်ဂေါင်ဘက်ကနေ မြန်မာပြည်ကို ဝင်လာတဲ့ကားတွေကို ဟိုပိုကလိုရိုက် ပိုးသတ်ဆေးရည်တွေ အရင်ဖျန်းဖြစ်တယ်၊ သိန်းသန်းချီကားကွင်းကိုလည်း နဂိုစီစဉ်ထားတဲ့အတိုင်းပဲ ဒီကနေ့ လာဖျန်းကြတာပါ၊ ပိုးသတ်ဆေးရည်တွေ ဖျန်းရာမှာ အဓိကကတော့ ပြည်မဘက်ကို ဦးတည်သွားမယ့် ကားတွေကို အဓိကထားဖျန်းတယ်၊ ကားတွေရဲ့ တာယာတွေကိုဖျန်းတယ်၊ ပြီးတော့ ကားဂိတ်တွေကို လိုက်ဖျန်းတယ်”ဟု ရှင်းလင်းပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို အားရကျေနပ်ပါကြောင်းနှင့် ဆက်လက်ပြီး အရှိန်အဟုန်မပြတ် ပါဝင်လုပ်ဆောင်ရွက်ရန် အရေးကြီးကြောင်း အမှတ်(၁၂၃)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲမှူးချစ်စိန်က ပြောသည်။
“ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံရမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးမှာ ပြည်သူတွေရဲ့ပါဝင်မှုကို အားရကျေနပ်တယ်၊ ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တယ်”ဟု တိုက်တွန်းပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံရမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် အဖွဲ့ပေါင်းစုံက နေ့စဉ်တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဘဉာ(ကွတ်ခိုင်)


