မူဆယ် ၂၀ မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လိုင်စင်မရှိဘဲ တရားမဝင်ကိုင်ဆောင်ထားသည့် GLOCK အမျိုးအစား၊ အနက်ရောင်ပစ္စတို(၁)လက်နှင့် ၎င်းကျည် ၁၀ တောင့်တို့ကို မေ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်က သိမ်းဆည်းရမိခဲ့ကြောင်း မူဆယ်မြို့  မြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ မူဆယ်မြို့၊ မြို့မရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကိုကိုလတ် ဦးစီးသည့်အဖွဲ့သည် သက်သေများနှင့်အတူ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ ဦးထိုက်ချုံးပိုင်နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိမ်ငှားရမ်းနေထိုင်သူ ဆန်းတင့်အောင် နှင့် စိုင်းစည်သူစိုး တို့ကို တွေ့ရှိပြီး ၎င်းအိမ်ဂိုဒေါင်အတွင်းမှ ပီနံအိတ်ဖြင့် ထုတ်ထားသည့် လျှပ်စစ် ဒီတိုနေတာ အခု ၁၀ဝ ပါ (၂၉)ထုတ် စုစုပေါင်း လျှပ်စစ် ဒီတိုနေတာများ ၂၉၀ဝ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လျှပ်စစ် ဒီတိုနေတာများ နှင့်ပတ်သက်၍ မေးမြန်းရာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ မင်းသိန်း(ခ)ဟုန်ရှန်မို၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရပြီး ၎င်းနေအိမ်သို့ သွားရောက်မေးမြန်းရာ လျှပ်စစ် ဒီတိုနေတာများအပြင် ပစ္စတိုတစ်လက်ကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

သို့ဖြစ်၍ တရားမဝင်လက်နက်/ခဲယမ်းတို့ကို လက်ဝယ်ထားရှိကိုင်ဆောင်သူ မင်းသိန်း(ခ)ဟုန်ရှန်မို အား မူဆယ်မြို့၊ မြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မူဆယ်မြို့၊ မြို့မရဲစခန်းမှ သိရသည်။

 

ဆလိုင်းဗန်ရိုးထန်